သြဂုတ် ၁၅ ရက် ။ ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲအုပ်လောင်း သင်တန်းအမှတ်စဉ် ၇၉/၂၀၁၄ ရဲကျော်စွာတပ်ခွဲမှ ရဲမေအရာရှိ ၁၀၁ ဦးအပါအဝင် ရဲအရာရှိ ၃ဝ၈ ဦး သင်တန်းဆင်းခဲ့ရာမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်း တက်ရောက်သည်။
သြဂုတ် ၁၄ ရက်နေ့က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပခဲ့သည့် သင်တန်းဆင်းပွဲ၌ အမျိုးသား ဒုရဲအုပ်လောင်း၂ဝ၇ ဦးလည်းပါဝင်သည်။
ရဲချုပ်က "ယနေ့ကာလတွင် ရဲတပ်ဖွဲ့မှ အမျိုးသမီး အရာရှိငယ်များသည် ပဋိပက္ခများတည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရာမှာ ဖျန်ဖြေပေးသူများအဖြစ် ပါဝင်ကြရမည်။" ဟု အမှာစကားပြောသည်။
ရာဇဝတ်မှုခင်းများ ရဲရင့်ထက်မြက်စွာ စုံစမ်းဖော်ထုတ်ပေးရမည်ဖြစ်ပြီး နိုင်ငံသားအခွင့်အရေးများကိုလည်း ကာကွယ် စောင့်ရှောက်ပေးရမည်ဟုဆိုသည်။
"အမျိုးသမီးများနှင့် ကလေးသူငယ်များကို အကြမ်းဖက်မှုများမှ ရဲဝံ့ပြတ်သားစွာ တားဆီးကာကွယ်ပေးသူများအဖြစ်နှင့် နိုင်ငံအတွက် အရေးပါသည့် အခန်းကဏ္ဍမှ တန်ဖိုးရှိစွာ ပါဝင်ကြရမည်။" ဟု လည်း ရဲချုပ်ကပြောသည်။
ထို့ပြင် နိုဝင်ဘာ ရွေးကောက်ပွဲ အောင်မြင်စေရန် တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအမြင်၊ လုံခြုံရေးသတိ၊ လုံခြုံရေးအသိတို့ဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက် ကြရမည်ဟုမှာကြားသည်။
တပ်ဖွဲ့အင်အားကို လိုအပ်သည့် အချိုးအစားသာ အသုံးပြုခြင်း၊ မည်သည့်အကြောင်းနှင့်မျှ ညှဉ်းပန်းနှိပ်စက်သည့်လုပ်ရပ်၊ နှိမ့်ချစွာပြုမူဆက်ဆံသည့်လုပ်ရပ်များ မပြုလုပ်ရန်၊ ဖမ်းဆီးထိန်းသိမ်းထားသူများ၏ ကျန်းမာရေးကို အပြည့်အဝ စောင့်ရှောက်ပေးရန်၊ အကျင့်ပျက်ခြစားမှု မပြုလုပ်ဘဲ ဆန့်ကျင်တိုက်ဖျက်ရန်နှင့် တည်ဆဲဥပဒေ၊ ကျင့်ဝတ်စည်းကမ်းများ ကို လေးစားလိုက်နာရန် အထူးလိုအပ်သည် ဟုပြောဆို သွားသည်။
Ref; MOI