ရေကျော်သီတင်းကျွတ်အတွက် လုံခြံုရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှုထားရှိမည်

ရေကျော်သီတင်းကျွတ်အတွက် လုံခြံုရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှုထားရှိမည်

ရန်ကုန်၊ အောက်တိုဘာ၂ ။        ။ ယမန်နေ့ အောက်တိုဘာလ ၁ ရက်မှ စတင်ကာ ကျင်းပနေသည့် ရေကျော်ပွဲဈေးတွင် လုံခြုံရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှု ထားရှိမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် (၉)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဟန်ထွန်းက ပြောသည်။

လုံခြုံရေးစခန်းများကို ရေကျော်လမ်းနှင့်ဗိုလ်ချုပ်လမ်းထိပ်အနီး ကျန်းမာရေးရုံးထိပ်တို့တွင် ချထားပြီး ဖျော်ဖြေရေးစင်များဘေး၌လည်း လုံခြုံရေးများ စောင့်ကြပ်နေမည်ဖြစ်သည်။

"စီစီတီဗီအားလုံး (၆၆)လုံးလောက်တပ်ထားတယ် ဒီရုံးအထိုင်ပေါ့ စက်တွေကတော့ လမ်းတိုင်း၊ လမ်းတိုင်းမှာ ခွဲပြီးထားတယ် ။ အကုန်လုံးကိုထိမ်းပြီးတော့ ငါတို့ကဒီကထိုင်ကြည့်လို့ရတယ် ဒီနှစ်ကဘာလဲဆိုတော့ ဖျော်ဖြေရေးစင်မှာလည်း (၄)လုံးထပ်တပ်ထားတယ် လုံခြုံရေးအရ Save(လုံခြုံ)အောင်ဆိုပြီး အဲဒါကိုလည်းဒီကနေထိုင်ကြည့်နေတယ် ငါတို့လက်တော့ထဲထည့်ထားလည်း လက်တော့ထဲကနေထိုင်ကြည့်နေလို့ရတယ်" ဟု ပုဇွန်တောင်မြို့နယ် (၉)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဟန်ထွန်းက ပြောပြသည်။

ပွဲဈေးအတွင်းခါးပိုက်နှိုက်များကို စီစီတီဗီအကူအညီဖြင့် ဖမ်းမိခဲ့သည်များရှိခဲ့သည်ဟု ဦးဟန်ထွန်းက ပြောသည်။

ထို့အပြင် ပွဲဈေးအတွင်း အရေးပေါ်ကယ်ဆယ်ရန် လူနာတင်ကား(၂)စီး၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီများကို ထားရှိပေးထားကြောင်း တွေ့ရသည်။

ယခုနှစ် ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်ကို ပုဇွန်တောင်မြို့နယ် (၇)ရပ်ကွက် (၉)ရပ်ကွက်နှင့် (၁၀)ရပ်ကွက်၊ ဗိုလ်တစ်ထောင်မြို့နယ်(၁၀)ရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျီတော်ရပ်ကွက်(၁၀)တို့တွင် အောက်တိုဘာ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။

ပုဇွန်တောင်မြို့နယ်တွင် ဝတ်ကျောင်းလမ်းမှစတင်ခဲ့သည့် ရေကျော်သီတင်းကျွတ်သည် ကြားကာလများတွင် မကျင်းပနိုင်ခဲ့သည်များရှိခဲ့ပြီး ၂၀၁၁ခုနှစ်၌ပြန်လည်စတင်ကျင်းပခဲ့သည်ဟု ဦးဟန်ထွန်းကဆိုသည်။

ယခင်ကျင်းပခဲ့သည့် သီတင်းကျွတ်ပွဲတော်သည် ပိတ်ကားဖြင့်ရုပ်ရှင်ပြသသည်များရှိခဲ့ပြီး ၂၀၁၁ခုနှစ် နောက်ပိုင်း ကာလများ၌ ဖျော်ဖြေရေးပုံစံ များလာသည်ဟုလည်း ၎င်းကဆိုသည်။

ပုဇွန်တောင်မြို့နယ် (၉)ရပ်ကွက်အတွင်း၌ ဆိုင်ခန်းပေါင်း(၁၀၀)ကျော်ပါဝင်မည်ဖြစ်ပြီး ရေကျော်သီတင်းကျွတ် ပွဲတော်တစ်ခုလုံးတွင် ၁၀ ပေ ပတ်လည် အကျယ်ရှိ ဆိုင်ခန်းပေါင်း(၄၀၀)ခန့် ပါဝင်မည်ဖြစ်ကာ တစ်ခန်းလျှင် ၅ ရက်စာ ၈သောင်းကျပ်ဖြင့် ငှားရမ်းပေးထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly