မကွေး၊ အောက်တိုဘာ ၁ ။ ။ ပြီးခဲ့သည့် စက်တင်ဘာ (၁၀) ရက်နေ့ညပိုင်း တောင်တွင်းကြီးမြို့ တွင် အကြမ်းဖက်ဆူပူသူအချို့ကြောင့် နေအိမ်နှင့်ဈေးဆိုင်အချို့ ပျက်စီးဆုံးရှုံးခဲ့သော အစ္စလာမ်ဘာသာဝင်များအား မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေ ပေးအပ်ပွဲကို အောက်တိုဘာလ ၁ရက်၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က တောင်တွင်းကြီးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်သည်။
နေအိမ်အဆောက်အအုံ ဈေးဆိုင်ခန်းများ ထိခိုက်ပျက်စီးခဲ့သော အစ္စလာမ်ဘာသာဝင် မိသားစုများ အား ထောက်ပံ့ငွေ သိန်း (၈၀) ကျပ်အား ပျက်စီးမှုအနေအထားပေါ်မူတည်ပြီး ခွဲဝေ ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေပေးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်း၊ တိုင်းဒေသကြီး (၁)နှင့် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းထွန်း နှင့် ဦးဝင်းမြင့်လှိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း နှင့် အခြားဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့ပေါ် (၁၀) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နေအိမ် အဆောက်အဦ၊ ဈေးဆိုင်ခန်းများပျက်စီးဆုံးရှုံးခဲ့သည့် အစ္စလာမ်ဘာသာဝင် (၁၄) ဦးပါ တက်ရောက်ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့ညတွင် တောင်တွင်းကြီးမြို့၌ ဘာသာရေးလူမျိုးရေးဆန်ဆန် လူစုလူဝေးတစ်ခု ဖြစ်ပွားခဲ့ပြီး မျက်နှာတွင် နှာခေါင်းစည်းပါ လူငယ် ၅၀ ခန့် က တောင်တွင်းကြီး မြို့ပေါ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ အိမ်များ ဆိုင်ခန်းများကို ခဲများဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်များကြောင့် မိုဘိုင်းဖုန်းနှင့်အပိုပစ္စည်း အရောင်းဆိုင် ၊ လက်ဘက်ရည်ဆိုင်တစ်ဆိုင် ၊ကုန်စုံဆိုင် တစ်ဆိုင် ၊ ထမင်းဆိုင်တစ်ဆိုင် နှင့် နေအိမ်အချို့ပျက်စီးမှုများ ဖြစ်ခဲ့သည်ဟု အစိုးရဘက်က ထုတ်ပြန်ထား ချက်အရ သိရသည်။