သထုံ၊ စက်တင်ဘာ ၃၀ ။ ။ မော်လမြိုင်မြို့ ဒေါင်ဇရပ်ရပ်ကွက်အတွင်း၌ မျက်စိလည် လမ်းပျောက်နေသည့် အသက်(၈၈) နှစ်အရွယ် အဘွားအို ဒေါ်လွန်းခင်ကို ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့တွင် သထုံ နောင်ဘိုကျေးရွာရှိသက်ဆိုင်ရာ မိသားစုဝင်များထံ ပြန်လည်အပ်နှံ နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဘွားအိုသည် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် သမီးဖြစ်သူနှင့် အတူနေထိုင်နေခြင်းဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်နေ့တွင် နေအိမ်မှ ပျောက်ဆုံးသွားခဲ့ကြောင်း ၊ ( ပအိုဝ်းလူမျိုး)ဖြစ်ပြီး သထုံနောင်ဘိုကျေးရွာတွင် နေကြောင်း မေးမြန်းသိရှိရသည်။
အဘွားအို ဒေါ်လွန်းခင်၏ ဆွေမျိုးများနှင့် ဆက်သွယ်၍ မရသေးမီကာလအတွင်း ခေတ္တထိန်းသိမ်း ကူညီပေးရန် မွန်ပြည်နယ်အမျိုးသမီးနှင့် ကလေးသူငယ်များ စောင့်ရှောက်ရေးဥက္ကဋ္ဌ ဒေါ်ခင်သန်းထွေးထံ သွားရောက် အပ်နှံထားခဲ့သည်။
ယင်းနောက် နောင်ဘိုခရမ်းခြံ(၂)က အဘွားအို၏ တူမဖြစ်သူ, ဒေါ်ခင်ထွေး၊ ဒေါ်ဆောင်းတို့နှင့် အဆက်အသွယ်ရရှိပြီး ဖြစ်တာကြောင့် စက်တင်ဘာ ၃၀ ရက်နေ့ ယနေ့တွင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးဒေါ်စံဝင့်ခိုင် က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ အမျိုးသမီးရေးရာ အဖွဲ့ဝင်များအား သက်သေပြုပြီး အဘွားဒေါ်လွန်းခင်ကို နောင်ဘိုရှိ မိသားစုဝင်များထံ ပြန်လည်အပ်နှင်းခဲ့သည်။
အဘွား ဒေါ်လွန်းခင်အနေဖြင့် သထုံ နောင်ဘိုကျေးရွာတွင် ဆွေမျိုးများ နေထိုင်သည်ဟု ပြောဆိုနိုင်သော်လည်း မဲဆောက်မှ မော်လမြိုင်သို့ မည့်သို့ရောက်ခဲ့ရသည်ကိုမူ မေးမြန်း၍ မရသေးကြောင်း မိသားစုများထံမှ သိရသည်။