အာရှယူ ၁၆ ခြေစစ်ပွဲ ဒုတိယပွဲစဉ်တွင် တောင်ကိုရီးယားအသင်းကို ၄ ၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့်အတွက် စိတ်မပျက်မိကြောင်း မြန်မာယူ ၁၆ နည်းပြ ဦးညီညီလတ်က ပြောသည်။
မြန်မာလူငယ်များသည် အတတ်နိုင်ဆုံးကြိုစား ကစားခဲ့သော်လည်း တောင်ကိုရီးယားအသင်းကို အဖက်ဖက်တွင် မယှဉ်နိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရခြင်းဖြစ်သည်။
''အာရှအဆင့်အသင်းကို ရှုံးနိမ့်ခဲ့ရတာပါ။ ဒါကမြန်မာဘောလုံးရဲ့ အဆင့်အတန်းပါပဲ။ စိတ်မပျက်ပါဘူး။ ခြေစစ်ပွဲ မအောင်တော့ပေမယ့် ဖိလစ်ပိုင်နဲ့ပွဲကိုလည်း အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ ကလေးတွေက ကျောင်းတက်နေကြတာပါ။ ဒီပွဲပြီသွားရင်တော့ ကျောင်းဆင်းချိန်တွေမှာ ပုံမှန်အတိုင်း လေ့ကျင့်ခန်း ဆက်လုပ်သွားမှာပါ။ စာမေးပွဲတွေပြီးသွားရင်တော့ ကလေးတွေအတွက် အစီအစဉ်တွေ ရှိပါတယ်။''ဟု ဦးညီညီလတ်က ဆိုခဲ့သည်။
ပွဲစဉ် ၂ ပွဲကစားပြီးချိန်တွင် တောင်ကိုရီးယားနှင့် တရုတ်တို့က ၆ မှတ်စီရရှိထားပြီး မြန်မာနှင့် ဖိလစ်ပိုင်တို့က အမှတ်မရရှိသေးပေ။
ဂိုးကွာခြားချက်အရ တောင်ကိုရီးယား တရုတ် မြန်မာနှင့် ဖိလစ်ပိုင်တို့ အုပ်စုအတွင်း အစဉ်လိုက် ရပ်တည်နေကြသည်။
လာမည့်စက်တင်ဘာလ ၂၉ ရက်နေ့တွင် တောင်ကိုရီးယားနှင့်တရုတ် မြန်မာနှင့် ဖိလစ်ပိုင်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။