အနာဂတ်တွင် BTS အဖွဲ့နှင့်အတူ သီချင်းများပူးတွဲ ဖန်တီးသွားနိုင်ကြောင်း ပြီးခဲ့သောမေလက မှတ်ချက်ပေးခဲ့ ပြီးနောက်တွင် နာမည်ကျော်ဒီဂျေပညာရှင် စတိဗ်အေအိုကီက တောင်ကိုရီးယား၏ နာမည်ကြီးယောင်္ကျားလေး ပေါ့ပ်ဂီတအဖွဲ့နှင့်အတူ သီချင်းများပူးပေါင်းဖန်တီးမည်ဟု ယခုအခါတွင် အတည်ပြုကြေညာခဲ့သည်။
စက်တင်ဘာလ ၂၅ရက်နေ့တွင် စတိဗ်အေအိုကီသည် BTS အဖွဲ့၏ ထုတ်လုပ်ရေးအဖွဲ့မှ ထုတ်လုပ်သူတစ်ဦး နှင့်အတူ တွေ့ဆုံဆွေးနွေးခဲ့သော ဓာတ်ပုံအား သူ၏တွစ်တာအကောင့်၌ တင်ခဲ့သည်။ ထိုဓာတ်ပုံများထဲ၌ သူတို့သည် သီချင်းများ ပူးပေါင်းဖန်တီးနိုင်တော့မည့်အတွက် ပျော်ရွှင်နေကြပုံကို မြင်တွေ့ရသည်။
စတိဗ်အေအိုကီသည် လူအများလေးစားခံရသော EDM ဂီတထုတ်လုပ်သူတစ်ဦးဖြစ်ပြီး Will.I.Am၊ LMFAO၊ Linkin Park၊ Iggy Azalea၊ Louis Tomlinson၊ Fall Out Boy တို့ကဲ့သို့သော နာမည်ကြီးအဆိုရှင်များ၊ ဂီတအဖွဲ့များနှင့်အတူ သီချင်းများ ပူးပေါင်းဖန်တီးခဲ့သူဖြစ်သည်။