စက်တင်ဘာ ၂၂ ။ ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ စိတ်ဖောက်ပြန်နေသူသာ ဖြစ်ပြီး မိမိတို့ နိုင်ငံကို ဖျက်စီးပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုအတွက်လည်း ကြီးကြီးမားမား ပြန်လည်ပေးဆပ်ရလိမ့်မယ်ဆိုပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
တစ်ချိန်တည်းမှာလည်းပဲ ပစိဖိတ်သမုဒ္ဒရာမှာ ဟိုက်ဒရိုဂျင် ဗုံးတစ်လုံး ဖောက်ခွဲစမ်းသပ်ကောင်းစမ်းသပ်နိုင်ကြောင်း ယင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူက အရိပ်အမြွက်ထုတ်ပြောသွားခဲ့ပါတယ်။
ရန်လိုနေတဲ့ အထီးကျန်နိုင်ငံအပေါ် ကြီးလေးတဲ့ ဆန်ရှင်ပိတ်ဆို့မှုတွေ လုပ်မယ်ဆိုပြီး့ ဝါရှင်တန်က ကြေညာပြီး နာရီပိုင်းအကြာမှာပဲ ကင်မ်ဂျုံအန်းက အထက်ပါအတိုင်း ပြန်လည်တုန့်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကုလ အထွေထွေညီလာခံမှာ ထရမ့်က မိန့်ခွန်းပြောကြားရာမှာတော့ မြောက်ကိုရီးယားကို လုံ့၀ အစအနရှာမရအောင် ဖျက်စီးပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားခဲ့တာဖြစ်ပါတယ်။
" ထရမ့်က ကျုပ်နဲ့ ကျူပ်နိုင်ငံကို နိုင်ငံတကာရှေ့မှောက်မှာ စော်ကားခဲ့တယ်ပေါ့လေ၊ ရပါတယ်၊ ဒီလိုဆိုတော့လည်း အမေရိကန်ရဲ့ အာဏာအရှိဆုံးဆိုတဲ့ ပုဂ္ဂိုလ်ကို သူ့မိန့်ခွန်းအတွက် ပြန်ပေးဆပ်ခိုင်းရတော့မှာပေါ့" ဆိုပြီး ကင်မ်ဂျုံအန်းက ပြောသွားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြပါတယ်။
" ဒီလို စိတ်ဖောက်ပြန်နေပြီး သူငယ်ပြန်နေတဲ့ သူမျိုးကို ယဉ်ပါးလာအောင် ကျွန်တော် သေချာပေါက် သင်ပေးရပါလိမ့်မယ်" ဆိုပြီး ကင်မ်က ပြောသွားပါတယ်။