ရန်ကုန်၊ စက်တင်ဘာ ၁၆ ။ ။ ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ ပဋိပက္ခများကို ဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုလိုက်သည်။
ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည့် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဦးယွက်စစ်နှင့် မီဒီယာများတွေ့ဆုံပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။
" ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ လက်နက်ကိုင်တွေကြားထဲမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဆိုတာ ဖြေရှင်းဖို့က မလွယ်ကူပါဘူး။ ကျွန်တော်တို့အနေနဲ့ ပြန်လည်ဆွေးနွေးကြရင်ရပါတယ်။ TNLA နဲ့အပြန်အလှန် တိုက်ပွဲဖြစ်နေတာတွေလည်း ပြန်ဆွေးနွေးလို့ရပါတယ် " ဟု ၎င်းက ပြောဆိုသည်။
TNLA နှင့်ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှုရရှိရန် UNFC နှင့် ဝ ပြည်သွေးစည်းညွတ်ရေးပါတီ (UWSP)တို့အား ကြားဝင် ဖြေရှင်းပေးရန် RCSS က စာ ဖြင့် ရေးသားအကြောင်းခဲ့ဖူးသည်။
လက်ရှိတွင် RCSS အနေဖြင့် တအောင်း/ ပလောင်အဖွဲ့ (TNLA) ဖြင့် တိုက်ပွဲများဆက်တိုက်လိုလို ဖြစ်ပွားနေပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA) လည်း ထိတွေ့မှုအချို့ ရှိနေသည်။ ထို့အပြင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ဖြစ်သည့် NCA လက်မှတ်ရေးထိုးထားသည့် RCSS အဖွဲ့ အနေဖြင့် တပ်မတော်နှင့်လည်း ထိတွေ့မှုအချို့ ရှိနေသည့်အဖွဲ့လည်း ဖြစ်သည်။
သို့သော် နားလည်မှုလွဲမှားသောကြောင့်သာ တိုက်ပွဲအချို့ ဖြစ်ပွားနေရခြင်း ဖြစ်သည်ဟုလည်း သူက ဆက်ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့က တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံကာ မြေပြင်တိုက်ပွဲများ ထိတွေ့မှု အခြေအနေနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်းလည်း ဦးယွက်စစ်က ပြောသည်။
ရှမ်းပြည်နယ်တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA) ၊ တအောင်း/ ပလောင်အဖွဲ့ (TNLA)၊ "ဝ" ပြည်သွေးစည်းညီညွှတ်ရေးပါတီ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကိုးကန့်အဖွဲ့ (MNDAA) ၊ ပအိုဝ်းအမျိုးသားအစည်းအရုံး (PNLO) ၊ ဝအမျိုးသားအစည်းအရုံး (WNO) စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှိနေသည်။