ရန်ကုန်၊ စက်တင်ဘာလ ၁၂ ။ ။ အချိန်ကြာမြင့်စွာ စည်းကမ်းမဲ့ရပ်ထားသော မော်တော်ယာဉ်များအား စစ်ဆေးအရေးယူနေသည့် ယာဉ်ထိန်း တပ်ဖွဲ့၊ စည်ပင်ဌာန၊အုပ်ချုပ်ရေမှူးရုံးမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့အား ဆဲဆိုခဲ့သူ ကျော်စိုးဝင်း(ခ)ယူစွတ်ဆိုသူမှာ ယနေ့ စက်တင်ဘာလ ၁၂ နေ့တွင် လာရောက်အဖမ်းခံခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၄ ရက်၊ နေ့လည်၁၂နာရီခွဲအချိန်ခန့် က အမှတ်(၃၄)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မင်္ဂလာတောင်ညွန့်မြို့ နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် ဦးအောင်မြတ်လမ်းမပေါ် တွင် အချိန်ကြာမြင့်စွာ စည်းကမ်းမဲ့ရပ်ထား သော မော်တော်ယာဉ်များ ကို စစ်ဆေးအရေးယူခဲ့သည်။
အဆိုပါ စည်းကမ်းမဲ့ယာဉ်များအား စစ်ဆေးအရေးယူခဲ့ရာ ချလံဖြတ်အရေးယူခံရသည့် ယာဉ်တစ်စီးမှ ယာဉ်ပိုင် ရှင်ဖြစ်သူ ကျော်စိုးဝင်း (ခ) ယူစွတ်ဆိုသူက ပူးပေါင်းအဖွဲ့အား ညစ်ညမ်းစကားများဖြင့် ဆဲဆိုခဲ့ခြင်းဖြစ်သည်။
ထိုသို့ ညစ်ညမ်းစကားများဖြင့်ဆဲဆိုပြီး ပူးပေါင်းအဖွဲ့၏ တာဝန်ဝတ္တရားဆောင်ရွက်နေမှု အပေါ်နှောင့်ယှက် ဟန့်တားခဲ့သဖြင့် ကျော်စိုးဝင်း(ခ)ယူစွတ်အား မင်္ဂလာတောင်ညွန့်မြို့ မရဲစခန်းတွင် (ပ)၅ဝ၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၂၉၅-က/၁၈၆ဖြင့် အမှုဖွင့်ခဲ့သည်။
ဆဲဆိုခဲ့သူ ကျော်စိုးဝင်း(ခ)ယူစွတ်အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေစဉ် ယနေ့ စက် တင်ဘာ ၁၂ ရက်နေ့၊ နံနက် ၉နာရီအချိန်တွင် ၎င်းကိုယ်တိုင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် တရားရုံးသို့ တရားစွဲတင်ထားပြီး ဖြစ်ကြောင်း သိရသည်။