ဖရန့်ဒီဘိုးဝါးအား နည်းပြရာထူးမှ ပဲလေ့စ် ထုတ်ပယ်၊ နည်းပြသစ်အဖြစ် ရွိုင်းဟော့ဆန်ကို ခန့်အပ်ရန် သတင်းများထွက်ပေါ်

ဖရန့်ဒီဘိုးဝါးအား နည်းပြရာထူးမှ ပဲလေ့စ် ထုတ်ပယ်၊ နည်းပြသစ်အဖြစ် ရွိုင်းဟော့ဆန်ကို ခန့်အပ်ရန် သတင်းများထွက်ပေါ်
(ဓာတ်ပုံ - အီးပီအေ)

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒတ်ချ်လူမျိုးနည်းပြ ဖရန့်ဒီဘိုးဝါးအား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပြီး ၎င်းရဲ့ နေရာမှာ ဝါရင့်နည်းပြတစ်ဦးဖြစ်တဲ့ ရွိုင်းဟော့ဆန်အား နည်းပြသစ်အဖြစ် ခန့်အပ်တာဝန်ပေးဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။

ယခင်ဘာစီလိုနာကစားသမားဟောင်းရဲ့ ကိုင်တွယ်မှုအောက်မှာ ခရစ္စတယ်ပဲလေ့စ်ဟာ ဒီရာသီ လိဂ်ပွဲစဉ် လေးပွဲလုံးကို ရှုံးနိမ်ခံခဲ့ပြီး ဂိုးသွင်းယူနိုင်ခြင်းလည်း မရှိခဲ့ပေ။ ဒါဟာ  ပရီးမီးယားလိဂ် စတင်ကျင်းပခဲ့တဲ့ ၁၉၉၂ ကတည်းက ဒီအခြေအနေမျိုး မရှိခဲ့ပါဘူး။

ဒါကြောင့် နည်းပြ ဒီဘိုးဝါးဟာ ပဲလေ့စ်အသင်းကို ၇၇ ရက်ကြာသာ ကိုင်တွယ်ခဲ့ရပြီး ဘန်လေအသင်းအား အရေးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာပင် ရာထူးမှ ထုတ်ပယ်ခံရတာဖြစ်ပါတယ်။

"သူဟာ ကလပ်မှာ ရှိနေချိန်ကာလအတွင်း သူ့အလုပ်တာဝန်နှင့် ကြိုးစားမှုတွေအတွက် ကျနော်တို့ ဖရန့်ကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ။"လို့ ကလပ်အသင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပဲလေ့စ်ဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။

လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့  ရွိုင်းဟော့ဆန်ကို ခရစ္စတယ်ပဲလေ့စ်အသင်းတာဝန်ရှိသူများက ခေါ်ယူရန် စိတ်ဝင်စားမှုများရှိနေကြောင်းလည်း သတင်းများက ဖော်ပြနေပါတယ်။

"နည်းပြသစ်တစ်ဦးကို ခန့်အပ်သွားပါလိမ့်မယ်။ ဖရန့်ရဲ့ အနာဂတ် ကောင်းမွန်ပါစေလို့ ကျနော်တို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။"လို့ ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

အသက် ၄၇ နှစ်အရွယ်ရှိ ဒတ်ချ်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ရာသီကုန်က ပဲလေ့စ်နဲ့ လမ်းခွဲသွားတဲ့ ဆမ်အလာဒိုက်စ်နေရာကို ဒီနွေရာသီမှာ အစားထိုးဝင်ရောက်လာသူဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly