နေပြည်တော်(စက်တင်ဘာ ၁၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် လိုအပ်သည့်ကျန်းမာရေး ဆေးစစ်မှုများ ခံယူရန်အတွက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ စက်တင်ဘာ ၈ ရက်တွင် သွားရောက်ခဲ့သည်။
လိုအပ်သည့် ကျန်းမာရေး ဆေးစစ်ခံယူမှုများ ပြုလုပ်ခဲ့ရာ၌ အူလမ်းကြောင်းတွင်(Colonic Polyp) တွေ့ရှိ၍ စက်တင်ဘာ ၁၀ ရက်တွင် လိုအပ်သည့် ခွဲစိတ်ကုသမှုများဆောင်ရွက်ခဲ့ရာ ခွဲစိတ် ကုသမှု အောင်မြင်မှုရှိကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။
နိုင်ငံတော်သမ္မတဦးထင်ကျော်သည် သမ္မတတာဝန် စတင်ထမ်းဆောင်ပြီး လပိုင်းအတွင်း ၂၀၁၆ခုနှစ်၊ ဧပြီလ ၂၁ရက်ကလည်း နေပြည်တော်ရှိ ကုတင်(၁၀၀၀)ဆံ့ ဆေးရုံကြီးတွင် ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတစ်ခု ပြုလုပ်ခဲ့သေးသည်။
ထိုစဉ်ကလည်း ဆေးစစ်ချက်ရလဒ် ကောင်းမွန်ကြောင်း ဆရာဝန်များက အတည်ပြုခဲ့သည်။
အသက် (၇၁)နှစ်အရွယ် သမ္မတဦးထင်ကျော်သည် စာရေးဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက်သားဖြစ်ပြီး လက်ရှိ သုံးခွမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်စုစုလွင်၏ ခင်ပွန်းဖြစ်သည်။