ရန်ကုန် ၊ စက်တင်ဘာ ၄ ။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာသို့ ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်လှူဒါန်းသည့် ပရဟိတအဖွဲ့များအနေဖြင့် မိုင်းအန္တရာယ်ကြောင့် လှည့်ပြန်ခဲ့ရသည်ဟု သိရသည်။
"တစ်ချို့က သတင်းပို့ပြီးသွားတာရှိသလို သတင်းမပို့ဘဲ သွားတာ ရှိတယ်။ တပ်မတော်စစ်ကြောင်းနောက်က ကပ်လိုက်တာ ရှေ့ကနေ မိုင်းရှင်းနေတာရှိတော့ သူတို့ပြန်လှည့်လာတယ်လို့တော့ သိရတယ်" ဟု မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။
အဆိုပါ ကူညီကယ်ဆယ်ရေးပစ္စည်းများကို သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့၊ ဝေဠုကျော်ဖောင်ဒေးရှင်းတို့မှ သွားရောက်လှူဒါန်းခြင်းဖြစ်ပြီး မောင်တော မြို့နယ် မောင်နှမကြီးကျေးရွာအနီး၌ တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
"အခုအခြေအနေက လုံခြုံရေးကို အဓိကထားလုပ်ဆောင်နေတာပါ။ ပြည်နယ်အစိုးရဘက်မှာလည်း ကယ်ဆယ်ရေးတွေ ဘာတွေ လက်ခံနေတာလည်း ရှိတယ်၊ ဝေးတဲ့နေရာတွေပေးချင်ရင် အစိုးရအဖွဲ့ရုံးမှာပဲ ဆက်သွယ်ပြီးပေးတယ်။ မောင်တောမြို့ပေါ်က စခန်းတွေကတော့ သွားလို့ရပါတယ်" ဟု ဦးရဲထူးက ဆိုသည်။
ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၄ ရွာမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၂၃၂၆ ဦးနှင့် မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၄၃ ရွာမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၉၄၀၂ ဦး စုစုပေါင်း ၁၁၇၂၈ ဦးတို့သည် တိမ်းရှောင်နေရကြောင်း စက်တင်ဘာ ၁ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသည်။