သြဂုတ် ၂၈၊ အင်္ဂလန်။ ။ လီဗာပူးလ်အသင်းကို လေးဂိုးပြတ် ရှုံးနိမ့်ခဲ့ရသည့်အတွက် အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ်က အာဆင်နယ်ပရိသတ်များကို တောင်းပန်လိုက်သည်။
စိတ်ပျက်စရာ ရလဒ်ဖြစ်ပြီး ၎င်းတို့ကို လှောင်ပြောင်ပါ၊ အပြစ်တင်ပါ၊ ဝေဖန်ပါဟု အိုဇေးလ်က ပြောဆိုခဲ့သည်။
“ကျွန်တော်တို့ကို အပြစ်တင်ပါ၊ ကျွန်တော်တို့ကို အော်ဟစ်လှောင်ပြောင်ကြပါ၊ ဝေဖန်ကြပါ။ ဒီနေ့ပွဲအတွက် တကယ်ပဲ စိတ်ပျက်မိပါတယ်။ နိုင်ငံတကာပွဲတွေမကစားခင်မှာ ရလဒ်ကောင်းဖို့ မျှော်လင့်ခဲ့ပေမယ့် ဒီပွဲမှာ မိနစ် ၉၀ လုံး ကစားပုံ မကောင်းခဲ့ပါဘူး။ လီဗာပူးလ်က အနိုင်ရလဒ်နဲ့ထိုက်တန်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။
အာဆင်နယ်ပရိသတ်တွေအားလုံးကို တောင်းပန်ပါတယ်။ အထူးသဖြင့် လီဗာပူးလ်ကို ယှဉ်ပြိုင်တိုက်ခိုက်မယ့် ကျွန်တော်တို့ရဲ့ ခြေစွမ်းကိုကြည့်ဖို့ အန်ဖီးလ်ကွင်းအထိ လိုက်လံအားပေးခဲ့ကြတဲ့ ပရိသတ်တွေကို တောင်းပန်ပါတယ်။ အခုအချိန်မှာ အားလုံးစိတ်ပျက်နေကြပေမယ့် လာမယ့်ပွဲစဉ်မှာတော့ အရာရာအားလုံးတိုးတက်ကောင်းမွန်လာအောင် ကြိုးစားသွားမှာပါ” ဟု အိုဇေးလ်က လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားခဲ့သည်။
“ပုံမှန်ဆိုရင် ဒီလိုစိတ်ပျက်ဖွယ်ရှုံးပွဲကြုံတွေ့ပြီးရင် လူမှုကွန်ယက်စာမျက်နှာမှာ ပို့စ်တွေတင်တာကို ကျွန်တော်စိတ်ဆိုးလေ့ရှိပါတယ်။ ဒါပေမဲ့ ဂျာမနီအသင်းကို မသွားခင် ဒီပွဲနဲ့ပတ်သက်ပြီး ဘာမှ ပြန်မှတ်ချက်မပေးလိုပါဘူး” ဟု လည်း အိုဇေးလ်က ဆိုသည်။
အာဆင်နယ်တိုက်စစ်မှူးဆန်းချက်ဇ်ကလည်း ကွင်းအတွင်းစိတ်ပျက်စွာထိုင်နေသည့် သူ၏ပုံကို လူမှုကွန်ယက်စာမျက်နှာတွင် တင်ခဲ့သည်။
ရည်ညွှန်း ဒေးလီးမေးလ်