ရန်ကုန်၊ သြဂုတ် ၂၆ ။ ။ ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပချိန်နှင့် အချိန်ကိုက်ကာ အစွန်းရောက်အကြမ်းဖက်သမားများက လုံခြုံရေးရဲကင်း၊ ရဲစခန်းများနှင့် နယ်မြေခံတပ်ဌာနချုပ်တို့အား အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း၊ တပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။
လက်လုပ်မိုင်းများဖောက်ခွဲကာ လက်နက်ငယ် များဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ဘူးသီးတောင်နှင့် မောင်တောနယ်မြေအတွင်းရှိ လုံခြုံရေးဆောင်ရွက်နေသည့် ရဲကင်းစခန်း ၁၉ ခုကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တုတ်၊ ဓားများဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုများကြောင့် တပ်မတော်မှ စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ရပြီး အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရဲကင်းစခန်းများမှ လက်နက်ငယ် ၅ လက် အကြမ်းဖက်သမားများနောက် ပါရှိသွားခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
အကြမ်းဖက်သမား အလောင်း ၁၅ လောင်းရရှိခဲ့ကြောင်းလည်း သိရသည်။
နံနက် ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာရှိ နယ်မြေခံ တပ်ဌာနချုပ်အား အင်အား ၁၅၀ ခန့်ဖြင့်နှစ်ဖွဲ့ခွဲ၍ ၀င်ရောက်တိုက်ခိုက်ရန် ကြိုးစားသော်လည်း တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်များနှင့် ရဲမေများက ပြန်လည် ပစ်ခတ်ခဲ့၍ နံနက် ၅ နာရီခန့်တွင် အကြမ်းဖက်အဖွဲ့မှ အလောင်း ၆ လောင်းကျန်ရှိပြီး ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။။