သြဂုတ် ၂၂ ။ ။ သြဂုတ် ၂၁ ရက် ညပိုင်းက မြန်မာ-မလေးရှား ဆီးဂိမ်းဘောလုံးပွဲအပြီး မြန်မာပရိသတ်များကို ရိုက်နှက်ခဲ့သူများအား ရဲတပ်ဖွဲ့က ရှာဖွေနေပြီ ဖြစ်ကြောင်း မလေးရှားတာဝန်ရှိသူများက ထုတ်ပြန်ပြောကြားလာသည်။
ဆီးဂိမ်းဘောလုံးပွဲကျင်းပခဲ့သည့် Shah Alam Stadium အားကစားကွင်းအပြင်ဘက်၌ ယမန်နေ့က မြန်မာအသင်းအားပေးသူ ပရိသတ်နှစ်ဦးအား ရိုက်နှက်ခဲ့သော သံသယရှိ အမျိုးသားများကို မလေးရှားရဲတပ်ဖွဲ့က ရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။
အားကစားကွင်းအနီး မော်တော်ကားပါကင်တစ်ခုအနီး ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းရရှိထားကြောင်း Shah Alam မြို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ် လက်ထောက်ရဲမင်းကြီး Shafien Mamat က အတည်ပြုပြောကြားသည်။
ယခု ဖြစ်စဉ်များတွင် အသက် ၂၉ နှစ် နှင့် အသက် ၃၄ နှစ်ရှိ မြန်မာနှစ်ဦး မျက်နှာနှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများအသီးသီး ရသွားခဲ့ကြောင်း၊ သံသယရှိတိုက်ခိုက်သူများက ကန်ကျောက်ထိုးနှက်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
" ထိခိုက်ဒဏ်ရာ ရသွားသူတွေကိုတော့ Shah Alam ဆေးရုံကို တင်ပို့ပေးထားပါတယ်၊ တစ်ယောက်ကတော့ ပြင်ပလူနာဌာနမှ ကုသမှု ခံယူနေပြီး တစ်ခြားတစ်ယောက်ကတော့ ဆေးရုံမှာပဲ ကုသမှု ခံယူနေရဆဲဖြစ်ပါတယ်" ဟု ၎င်းက သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန်ပြောကြားသွားသည်။
အဆိုပါ မြန်မာပရိသတ်များ ရိုက်နှက်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များမှာ လူမှုကွန်ရက်ပေါ်တွင် လျင်လျင်မြန်မြန် ပျံ့နှ့ံသွားခဲ့ပြီး တစ်ချို့မှာလည်း ဒဏ်ရာများ ပြင်းထန်စွာ ရသွားပြီး တစ်ဦးမှာလည်း လက်ကိုင်ဖုန်း လုယက်ခံလိုက်ရသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေခဲ့သည်။
ယခုအခါ စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်နေဆဲဖြစ်သောကြောင့် ပြည်သူများကိုလည်း ယင်းကိစ္စနှင့်ပတ်သက်၍ ထင်ကြေးပေးမှုများ မလုပ်ရန် အကြံပြုလိုကြောင်း Shafien က ပြောသွားသည်။
ယခု ဖြစ်စဉ်များတွင် ပါ၀င်ကျူးလွန်သည်ဟု သံသယရှိသူများကို ဖမ်းမိရန် လုပ်ဆောင်နေလျက်ရှိကြောင်း၊ ၎င်းသံသယရှိသူများနှင့်ပတ်သက်၍ သိရှိထားသူများ ရဲတပ်ဖွဲ့သို့ သတင်းပို့အကြောင်းကြားရန်လည်း တိုက်တွန်းကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
ယခု အမှုကို ဥပဒေပုဒ်မ ပုဒ်မခွဲ ၁၄၈ အောက်တွင် စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း သိရသည်။