ရန်ကုန်၊သြဂုတ် ၂၂ ။ ။ သြဂုတ်၂၁ရက် ရက်စွဲဖြင့် “ရန်ကုန်မှာ ဒုစရိုက်မှုတွေ ပိုထူပြောနေပြီလား”ဆိုသည့် ခေါင်းစဉ်ဖြင့် သတင်းဌာနတစ်ခုမှ ဖော်ပြခဲ့သည့်သတင်းအပေါ် မတော်တဆဖော်ထုတ်နိုင်ခဲ့ခြင်းမဟုတ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ငြင်းဆိုခဲ့သည်။
အဆိုပါ ဖော်ပြချက်သည် ရန်ကုန်တိုင်းရဲတပ်ဖွဲ့အပေါ် ပြည်သူလူထု၏ အထင်မြင်လွဲမှားစေနိုင်သဖြင့် သတင်း၌ရေးသားထားသည့်အတိုင်း မတော်တဆဖော်ထုတ်နိုင်ခဲ့ခြင်းမဟုတ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ယနေ့ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သတင်းတွင် ဖော်ပြထားသည်မှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ အရည်အချင်း ကျဆင်းနေကြောင်း၊ ပြုပြင်ပြောင်းလဲဖို့လိုကြောင်းနှင့် တချို့သောအမှုများသည် မတေ်တဆဖော်ထုတ်နိုင်ခဲ့သည့် အမှုများဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်ဟု ရဲတပ်ဖွဲ့၏ ယနေ့ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး မဇ္ဈိမမှ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဦးလှဝေသို့ ဆက်သွယ် မေးမြန်းရာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေဖြင့် သတင်းထုတ်ပြန်ထားသည်ဟု ပြောဆိုခဲ့သည်။
၂၄ နာရီ စတိုးဆိုင်များဖြစ်သော g&g စတိုးဆိုင်(၅)ဆိုင်အား တစ်ဖွဲ့တည်းမှ လုယက်မှု၊ ကိုရီးယားသို့ သွားမည့် သားဖြစ်သူကို လေဆိပ်သို့ လိုက်ပါပို့ဆောင်ရာမှ အပြန်တွင် လုယက်ခံရခြင်းအပါအဝင် အမှုများပေါ်ပေါက်ရန် သတင်းစုံစမ်းထောက်လှမ်း ခြင်း၊ ပြစ်ချက်ဟောင်းရှိသူများအား စုံစမ်းဆောင်ရွက်ခြင်း၊ အခင်းဖြစ်ရပ်စစ်ဆေးရာမှ ရရှိသော သတင်းအချက်အလက်များနှင့် သဲလွန်စ အထောက်အထားများကိုအခြေပြုပြီး အမှုနှင့်သက်ဆိုင်သည့် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ထောက်ပြနိုင်ခဲ့၍ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ကြခြင်း ဖြစ်ပြီး မတော်တဆပေါ်ပေါက်ခဲ့သည့် အမှုများမဟုတ်ကြောင်း ရဲတပ်ဖွဲ့မှ ဖော်ပြထားသည်။
မည်သည့်သတင်းဌာနဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဖော်ပြခြင်းမပြုခဲ့သော်လည်း နိုင်ငံခြားအခြေစိုက် မီဒီယာတစ်ခုတွင် ဖော်ပြထားခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အပေါ် သတင်းမီဒီယာကောင်စီ၏ အတွင်းရေးမှူး ဦးသီဟစောက "အမှန်တော့ သတင်းရေးတယ်ဆိုတာတော ကိုယ့်တိုက်တစ်ခုရဲ့ မီဒီယာပေါ်လစီနဲ့ရေးတာပဲလေ ။ ရေးတဲ့ခါကြတော့ သူတို့က မှန်တယ်မှားတယ်။ မပြည့်စုံဘူး အဲ့ဒါက Comment(မှတ်ချက်)တွေထုတ်ရင်ထုတ်မှာပေါ့။ ထုတ်တာတော့ ဘာမှဖြစ်ပါဘူး"ဟု ပြောသည်။
ရဲတပ်ဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေထူထပ်သဖြင့် မှုခင်းဖြစ်ပွားမှုနှုန်း ပိုများခြင်းြ ဖစ်ကြောင်း ၊ မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံကြီးများတွင်လည်း မှုခင်းဖြစ်ပွားမှုမှာ ပိုမိုများပြားသည်ကိုတွေ့ရပြီး မပေါ်ပေါက်သေးသည့်မှုခင်းများလည်းရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် လူဦးရေနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အင်အားအချိုး မျှတမှုမရှိကြောင်း ဖော်ပြထားပြီး မှုခင်းကျဆင်းရေးအတွက် နယ်မြေခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။