ရန်ကုန်၊သြဂုတ်၂၁ ။ ။ ဧရာဝတီတိုင်းဒေသကြီးတွင် Seasonal Influenza A(H1N1) ရောဂါဖြင့် သြဂုတ်လ(၂၀)ရက်နေ့ ၌ (၁)ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရတွေ့ရသည်။
ဧရာဝတီတိုင်းဒေသကြီး၌ သြဂုတ်(၁၉)ရက်နေ့ ထုတ်ပြန်ချက်တွင် သေဆုံးသူ(၁၁)ဦး ရှိနေပြီး သြဂုတ်လ(၂၀)တွင် သေဆုံးသူ(၁၂)ဦး ဖြစ်လာသည်။
ရောဂါဖြစ်ပွားသူ စာရင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့တွင် (၁)ဦးစီ တိုးလာပြီး တနင်္သာရီတိုင်းဒေသကြီးတွင် (၃)ဦးတိုးလာခဲ့သည်။
သြဂုတ်လ(၁၉)ရက်မှ(၂၀)ရက်အထိ ၂၄နာရီအတွင်း H1N1ရောဂါပိုးတွေ့ လူနာ(၉)ဦး တိုးလာခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံး အတိုင်းတာအရ ဧရာဝတီတိုင်းဒေသကြီးတွင် H1N1ရောဂါနှင့် သေဆုံးသူ(၁၂)ဦးဖြင့် အများဆုံးဖြစ်နေပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါပိုးတွေ့ရှိသူ(၈၃)ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု အများဆုံးဖြစ်နေသည်။
လက်ရှိစာရင်းများအရ တစ်နိုင်ငံလုံးတွင် H1N1ပိုးတွေ့ လူနာ(၂၉၇)ဦးနှင့် သေဆုံးသူ(၃၀) ရှိနေသည်။