ရန်ကုန်၊သြဂုတ်၁၈ ။ ။ H1N1နှင့် ကြက်ငှက်တုတ်ကွေး၏ ဂယက်ကြောင့် စံချိန်တင် ကြက်သားစျေးကျဆင်းေနခဲ့ပြီး ယခုရက်ပိုင်းအတွင်း အနည်းငယ်စျေးပြန်တက်လာကြောင်း ရန်ကုန်မြို့ကြက်ဘဲစျေးဒိုင်မှ သိရသည်။
ဇူလိုင်လ(၂၇)ရက်နောက်ပိုင်း ကြက်သားတစ်ပိဿာလျှင် ၃၆၀၀ ခန့် ပေါက်စျေးရှိခဲ့ပြီး ယခင်က ကျပ် ၆၀၀၀ ခန့်ဝန်းကျင်ရှိသည်။ ထို့နောက် တစ်ပိဿာလျှင် ကျပ် ၁၅၀၀ခန့်ထိ ကျဆင်းသွားပြီးနောက် ကျပ် ၁၈၀၀ ခန့်သို့ ပြန်တက်လာခဲ့ခြင်းဖြစ်သည်။
"တစ်ပိဿာကို အခုဆို ၁၈၀၀၊ ၁၉၀၀ လောက် ရှိတယ်။ ဖမ်းစျေးက ၁၄၀၀ လောက်ရှိတယ် ။ ပထမရောင်းတာက (၁၅၀၀) (၁၆၀၀)ဆိုတော့ အခုနည်းနည်းလေးတက်လာတဲ့ သဘောရှိတယ် ။ အဝယ်က တော်တော်လိုက်တယ်"ဟု ရန်ကုန်မြို့ကြက်ဘဲစျေးဒိုင်မှ စာရေးဦးကျော်အေးက ပြောသည်။
ကြက်သားစျေးပြန်လည်တက်လာသည်မှာ သုံး၊လေးရက်ရှိနေပြီး ကြက်သားကုန်ချိန် ၆သောင်းကျော်နီးပါးကို နေ့စဉ်ကားအစီးရေး ၃၅ စီး ပတ်ဝန်းကျင်ဖြင့် တင်သွင်းနေရသည် ဟု မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်ဘဲစျေးဒိုင်မှ သိရသည်။
သြဂုတ်လဆန်းက ကြက်သားစျေးနှုန်းများကျဆင်းသွားပြီးနောက် ကြက်သားတင်သွင်းနူန်းမှာ ထက်ဝက်ကျဆင်းသွားခဲ့သည်ဟု ကြက်ဘဲစျေးမှ တွဲဘက်အတွင်းရေးမှူး ဦးမောင်လွင်က မဇ္စျိမကို သြဂုတ်လ(၁)ရက်နေ့က အင်တာဗျုး၌ ပြောခဲ့သည်။
လက်ရှိအချိန်တွင် ကြက်သားစျေးမှာ ၁၅၀၀ ကျပ်ဝန်းကျင်မှ ၁၈၀၀ ကျပ်စျေးသို့ တက်လာခဲ့ခြင်းဖြစ်ပြီး ဝယ်ယူမှုအခြေအနေမှာလည်း တိုးလာခဲ့သည်။
သို့ရာတွင် စျေးဝယ်ယူသူတစ်ချို့က စိုးရိမ်မှုများ ရှိနေကြပြီး ငါးစျေးနှုန်းကြီးမြင့်သော်လည်း ငါးကိုသာ ၀ယ်ယူမှုရှိနေကြသည်။
“ ကျွန်တော်တို့ကတော့ ကြက်သား ၁၅၀၀ စျေးနဲ့ရောင်းနေတာေတော့ တွေ့တာပဲ။ ဒါပေမယ့် မဝယ်ရဲဘူး။ ငါးပဲ ၀ယ်တယ်” ဟု ပုဇွန်တောင်စျေးမှ စျေးဝယ်သူတစ်ဦးက ဆိုသည်။