သြဂုတ် ၁၇ ။ ။ ၂၀၁၄ ခုနှစ်က ဟောင်ကောင်မှာ ပေါ်ပေါက်ခဲ့တဲ့ ဒီမိုကရေစီအရေး ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါ၀င်ခဲ့ကြတဲ့ လူငယ်ခေါင်းဆောင်သုံးဦးကို ယခုအခါ တရားရုံးက ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
ထီးလှုပ်ရှားမှု ဒါမှမဟုတ် ထီးတော်လှန်ရေးလို့ မှတ်တွင်ခဲ့တဲ့ အဆိုပါ ၂၀၁၄ ဟောင်ကောင်ဒီမိုကရေစီဆန္ဒပြပွဲတွေမှာ ပါ၀င်ပတ်သက်ခဲ့မှုနဲ့ ယခုအခါ လူငယ်ကျောင်းသားခေါင်းဆောင်သုံးဦးဖြစ်ကြတဲ့ ဂျိုဆွာဝေါင်၊ နသန်လောနဲ့ အဲလက်ဇ် ချိုးတို့ သုံးဦးကို သြဂုတ် ၁၇ ရက်က ဟောင်ကောင်အယူခံတရားရုံးက ထောင်ဒဏ် ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။
တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့မှာ ပေကျင်းအစိုးရက ပိုမိုချုပ်ကိုင်လွှမ်းမိုးလာနေမှုနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေမြင့်တက်နေချိန်မှာပဲ ယခုလို ထင်ရှားတဲ့ ဒီမိုကရေစီလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင်တွေကို ထောင်ချလိုက်တဲ့ ဖြစ်စဉ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။
ဂျိုဆွာဝေါင်၊ နသန်လောနဲ့ အဲလက်ဇ် ချိုးတို့ သုံးဦးကို ထောင်ဒဏ် ခြောက်လ၊ ရှစ်လနဲ့ ခုနစ်လ တို့စီ တရားရုံးက ချမှတ်လိုက်တာဖြစ်ပါတယ်။
" အခွင့်အရေးတွေကို လွတ်လွတ်လပ်လပ် ခံစားရယူခွင့်ရှိတယ်ဆိုပေမယ့် ချီတက်စုရုံးပွဲတွေ၊ ဆန္ဒပြပွဲတွေမှာ ဘယ်သူတစ်ဦးတစ်ယောက်မှ ဥပဒေပြင်ပ လုပ်ဆောင်လို့ မရဘူးဆိုတာကို ဟောင်ကောင်တရားရုံးအနေနဲ့ လူ့အဖွဲ့အစည်းထံကို ပြသပေးဖို့ တာဝန်ရှိပါတယ်" လို့ တရားရုံး ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
အလားတူ ထောင်ဒဏ် သုံးလကနေ ကျော်လွန်ချမှတ်ခံရသူတိုင်း လာမယ့်ငါးနှစ်အတွင်း ဟောင်ကောင်ပါလီမန်မှာ ၀င်အရွေးခံလို့ ရနိုင်တော့မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။