သြဂုတ် ၁၆၊ ရန်ကုန်။ ။ ယနေ့ညတွင် ယှဉ်ပြိုင်ကစားမည့် မြန်မာယူ ၂၂ နှင့် လာအိုအသင်းတို့၏ ဆီးဂိမ်းစ်ဘောလုံးပွဲကို မြန်မာ့ရုပ်မြင်သံကြား MRTV ကလည်း တိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်သည်။
မြန်မာ-လာအို အသင်းတို့၏ ဘောလုံးပွဲစဉ်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ Social Media ပေါ်တွင် Live Straming လွှင့်တင်ထားမှုကို မြန်မာ့ရုပ်မြင်သံကြားမှ ပြန်လည်ဖမ်းယူ၍ သြဂုတ်လ (၁၆)ရက်နေ့ ည (၆:၅၀)နာရီအချိန်မှ စတင်ပြီး မြန်မာ့ရုပ်မြင်သံကြား၊ MRTV Sport Channel ၊ မြန်မာ့အသံ(ရေဒီယို)တို့မှ တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားမည် ဖြစ်ကြောင်း MRTV က ကြေညာထားသည်။
မြန်မာယူ ၂၂ အသင်းသည် အုပ်စု (က) တွင် အိမ်ရှင် မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းအသင်းနှင့်အတူကျရောက်နေပြီး အဖွင့်ပွဲတွင် စင်ကာပူအသင်းကို ၂-၀ ဂိုးဖြင့်နိုင်ကာ အုပ်စု ပထမဖြင့်ဦးဆောင်နေသည်။