လှေစီးဒုက္ခသည် ၁၅၉ဦး ဘင်္ဂလားဒေ့ရှ်သို့ ထပ်လွဲပေး

လှေစီးဒုက္ခသည် ၁၅၉ဦး ဘင်္ဂလားဒေ့ရှ်သို့ ထပ်လွဲပေး
ဇွန်လ ၈ ရက်က ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေးခဲ့သည့် ရွှေ့ပြောင်းအခြေချသူများ။ ဓာတ်ပုံ- AFP

ရန်ကုန် ၊သြဂုတ် ၁၀ ။        ။ မြန်မာနိုင်ငံရေပိုင်နက်အတွင်း တွေ့ရှိခဲ့သည့် လှေစီးပြေး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၉ ဦးကို သြဂုတ် ၁၀ရက် နေ့လည် ၂နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထပ်မံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှုး ဦးခင်စိုးက မဇ္ဈိမကိုပြောသည်။

၎င်းက  "တစ်နာရီမှာ နှစ်နိုင်ငံလွှဲပြောင်းကြောင်းလက်မှတ်ထိုးတယ်။ ၂နာရီမှ လွှဲလိုက်တယ်။ အခုတော့ထွက်သွားပါပြီ။ တောင်ပြိုလက်ဝဲစခန်းကနေပဲလွဲတာပါ။ ထပ်ပြီးလွှဲဖို့ ၂၃၀ ကျော် ကျန်သေးတယ်။ အဲဒါကိုလည်း နှစ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်က ဆိုတာအတည်ပြုပြီးသား လွှဲဖို့ထပ်ပြီး လုပ်နေ သေးတယ်" ဟု ဆိုသည်။

ပြီးခဲ့သည့် မေလအတွင်းက မောင်တောမြို့နယ် အတွင်းတွင် လှေစီးဒုက္ခသည် ၂၀၀ ကျော်ဖမ်းမိခဲ့ပြီး ဧရာဝတီတိုင်း ဖျာပုံခရိုင်အတွင်းတွင် ၇၀၀ ကျော် ဖမ်းမိခဲ့ကာ  ၎င်းတို့ ထွက်ခွာလာရာ ဒေသကို အတည်ပြု စစ်ဆေးနိုင်ရန် ရခိုင်တွင် ဖမ်းမိသူများကို ဘူးသီးတောင် မောင်တောရှိ တောင်ပြိုလက်ဝဲစခန်းတွင် ထားရှိ စစ်ဆေးပြီး ဧရာဝတီတိုင်းမှ ဖမ်းမိခဲ့သူများကို ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ် မှတ်တိုင် ၃၇ အနီးတွင် ထားရှိ စစ်ဆေးခြင်းဖြစ်သည်။

ယင်းတို့အနက်မှ ဇွန်လအတွင်း ပထမအကြိမ်၊ ၁၅၀ဦး၊ ဒုတိယအကြိမ် ၁၈၇ ဦးနှင့် သြဂုတ်လ ၁၀ ရက်တွင် ၁၅၉ ဦးတို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားဝင်လွဲပြောင်းထားပြီး မြန်မာနိုင်ငံအတွင်းမှ ပါရှိသူ ၁၉၅ ဦးကိုမူ ၎င်းတို့နေထိုင်ရာ ရခိုင်ပြည်နယ်ရှိ သက်ဆိုင်ရာဒေသများသို့ ဇွန်လအတွင်းက ပြန်လည်ပို့ဆောင် ပေးခဲ့ပြီး ဖြစ်သည်။

ဒုက္ခသည်များကို ယာယီထားရှိ စစ်ဆေးနေစဉ်ပင် တောင်ပြိုလက်ဝဲမြို့နယ်တွင်ထားရှိသော လှေစီး ဒုက္ခသည် ၂၀ ကျော်အထိ ထွက်ပြေးမှုများ ရှိခဲ့သည်ဟု ရခိုင်ပြည်နယ် နယ်ခြားစောင့်တပ် ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက ဇူလိုင် လလယ်ခန့်တွင် မဇ္ဈိမကို ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly