လှိုင်မြစ်အတွင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ခုန်ချသေကြောင်းကြံစည်မှုဖြစ်ပွား

လှိုင်မြစ်အတွင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ခုန်ချသေကြောင်းကြံစည်မှုဖြစ်ပွား

ရန်ကုန်၊ သြဂုတ်လ ၁၂ ။          ။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားပေါ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လှိုင်မြစ်အတွင်းသို့  ခုန်ချကာ သေကြောင်းကြံစည်မှု   ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ခုန်ချမှုမှ အမျိုးသမီးအား ကယ်ဆယ်ရရှိထားပြီး အမျိူးသားအား ရှာဖွေမတွေ့ရှိသေးကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၁ ရက်၊ ညနေ ၃ နာရီ အချိန်ခန့်တွင် အဆိုပါ ရွှေပြည်သာတံတားပေါ်မှ လှိုင်မြစ်အတွင်းသို့  အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ခုန်ချသွားခဲ့ကြောင်း တာဝန်သိပြည်သူတစ်ဦး သတင်းပေးပို့ခဲ့သဖြင့် အင်းစိန်မြို့မရဲစခန်းမှ လှည့်ကင်းမီးတန်းယာဉ်တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားနေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။

၎င်း ရွှေပြည်သာတံတားပေါ်တွင် မိန်းမစီးစက်ဘီးတစ်စီးနှင့် ဖိနပ်နှစ်ရံအား တွေ့ရှိခဲ့သည်။

ထို့နောက်  မယုသဥ္ဇာမေဆိုသူအား တံတားဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်နေသူများမှ ကယ်ဆယ်ထားပြီး သူရမျိုးဆိုသူအား ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။

ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ လှိုင်မြစ်အတွင်းသို့ ခုန်ချခဲ့သူနှစ်ဦးမှာ အသက် ၂၁ နှစ်ရွယ် သူရမျိုးဆိုသူနှင့် ၄င်း၏ ဇနီးဖြစ်သူ အသက် ၂၁ နှစ်အရွယ်  ရွှေပြည်သာမြို့နယ်နေ မယုသဥ္ဇာမေဆိုသူတို့ဖြစ် ပြီး လင်မယားချင်းစကားများရာ ထိုကဲ့သို့ လှိုင်မြစ်အတွင်းသို့ ခုန်ချကာ သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ သေကြောင်းကြံစည်ခဲ့သူ အသက် ၂၁ နှစ်ရွယ် သူရမျိုးဆိုသူနှင့် ၄င်း၏ ဇနီးဖြစ်သူ အသက် ၂၁ နှစ် အရွယ်  မယုသဥ္ဇာမေဆိုသူတို့ကို အင်းစိန်မြို့မရဲစခန်းတွင်  (ပ)၂၀၇၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၉ အရ အမှုဖွင့်ကာအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly