သြဂုတ် ၁၀ ။ ။ တရုတ်နိုင်ငံမှာ အားပြင်းမြေငလျင်တစ်ခု လှုပ်ခဲ့ပြီးနောက် သေဆုံးသူ အနည်းဆုံး ၁၉ ဦးထိ ရှိလာခဲ့ပြီး လူ ၆၀,၀၀၀ နီးပါးလောက်ကို အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ပေးခဲ့ရတယ်ဆိုပြီး အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်က စီချွန်ပြည်နယ်မှာ လှုပ်ခဲ့တဲ့ ရစ်ချ်တာစကေး ၆ ဒသမ ၅ အဆင့်ရှိအားပြင်းငလျင်ကြောင့် တောင်ပေါ်လမ်းတွေ အက်ကွဲပြတ်တောက်ခဲ့ရသလို အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ငလျင်ကြောင့် ဒေသခံတွေနဲ့အတူ ခရီးသွားဧည့်သည်တွေကိုပါ အထိတ်တလန့် ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။
ယခုအခါ နိုင်ငံအနောက်တောင်ပိုင်း ငလျင်ဒဏ်သင့် တောင်ကုန်းဒေသတွေမှာ ရှိနေခဲ့ကြသူပြည်သူ ၆၀,၀၀၀ နီးပါးကို တာဝန်ရှိသူတွေက အရေးပေါ်ကူညီရွှေ့ပြောင်းမှုတွေ ပြုလုပ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
ငလျင် ဗဟိုချက်အနီးမှာ ရှိခဲ့တဲ့ နာမည်ကျော် အမျိုးသားပန်းဥယျာဉ်တစ်ခုမှာ သောင်တင်နေခဲ့တဲ့ ခရီးသွားအများစုကိုလည်း ကူညီပြောင်းရွှေ့ပေးမှုတွေ လုပ်ဆောင်ခဲ့ရကြောင့် ပြည်နယ်အစိုးရက ပြောပါတယ်။
ဒေသခံတွေကိုလည်း ပိုမိုလုံခြံုစိတ်ချရတဲ့ အရပ်ဒေသတွေပါ ပြောင်းရွှေ့ပေးသွားဖို့ ရှိတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ ငလျင်ကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ဒဏ်ရာရသူ အနည်းဆုံး ၂၆၃ ဦး ရှိခဲ့တဲ့အနက် ဆယ်ဦးဟာ အခြေအနေစိုးရိမ်ရကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ပြင်သစ်နဲ့ ကနေဒါတို့ကလာတဲ့ နိုင်ငံခြားသားနှစ်ဦးလည်း ပါ၀င်နေကြောင်း သိရပါတယ်။