ရန်ကုန်၊ သြဂုတ်၉ ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်ဆွေးနွေးရာတွင် အောက်ခြေမှ ဌာနေတိုင်းရင်းသားများ လိုလားသည့့်အချက်များပါဝင်သော ငြိမ်းချမ်းရေးမျိုးအား မျှော်လင့်သည်ဟု မြန်မာနိုင်ငံဌာနေတိုင်းရင်းသားများကွန်ရက်မှ အလုပ်အမှုဆောင် နော်အိအိက အပြည်ပြည်ဆိုင်ရာဌာနေတိုင်းရင်းသားများနေ့ပွဲတွင် ပြောကြားခဲ့သည်။
"ကျွန်မတို့ ဌာနေတိုင်းရင်းသားတွေ အမျှော်လင့်ဆုံးကတော့ ဒီငြိမ်းချမ်းရေးရရှိဖို့ပေါ့ ပြီးတော့ငြိမ်းချမ်းရေးဖြစ်စဉ် ဆွေးနွေးတဲ့အထဲမှာလည်း အောက်ခြေမှာ လက်တွေ့အခက်အခဲတွေရင်ဆိုင်ကြံုတွေ့နေရတဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေး ဌာနေတိုင်းရင်းသားတွေလိုလားတဲ့အချက်တွေပါဝင်ပြီး သဘောတူထားတဲ့ ငြိမ်းချမ်းရေးရလဒ်မျိုးကို မျှော်လင့်ပါတယ်"ဟု မြန်မာနိုင်ငံဌာနေတိုင်းရင်းသားကွန်ရက်မှ နော်အိအိ ကပြောသည်။
၎င်းအခမ်းအနားကို မြန်မာနိုင်ငံဌာနေတိုင်းရင်းသားကွန်ရက်မှ ဦးဆောင်ကာ ရန်ကုန်မြို့ အမျိုးသားပြဇာတ်ရုံတွင် သြဂုတ်လ ၉ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအရပ်ရပ်မှ တိုင်းရင်းသားလူမျိုးများ ပါဝင်တက်ရောက်ကြပြီး တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
အဆိုပါပွဲခမ်းအနားတွင် တက်ရောက်လာသည့် ခမီတိုင်းရင်းသားတစ်ဦးက ငြိမ်းချမ်းရေးမရခင်ကာလတွင် တိုင်းရင်းသားများ တကွဲတပြားမဖြစ်စေချင်ကြောင်း ပြောသည်။
"ငြိမ်းချမ်းရေးဆိုတာလူတိုင်းတော့ လိုချင်ကြတာပဲ၊... ဒါပေမယ့် ဒီငြိမ်းချမ်းရေးမရတဲ့အချိန်မှာ တိုင်းရင်းသားတွေအားလုံးဟာ တကွဲတပြားမဖြစ်စေဖို့ရယ် နောက်ပြီး ကျွန်တော်တို့တိုင်းရင်းသားတွေအနေနဲ့ အနာဂါတ်ကိုကြိုပြီး လက်ရှိပြင်ဆင်မှုကိုမပြနိုင်တဲ့အတွက် ငြိမ်းချမ်းရေးက ကျွန်တော်တို့အတွက်တော့ အလှမ်းဝေးကွာဦးမယ်လို့ ထင်ပါတယ်"ဟု ခမီအင်အားစုဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာဦးရွှေဘော်စံက ပြောသည်။
ဌာနေတိုင်ရင်းသားလူမျိုးစုများ၏ အရေးများဖြစ်သည့် မြေယာရရှိရေးပြဿနာအပါအဝင် လူနေမှုအဆင့်အတန်းကိစ္စရပ်များကိုပါ ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့အပြင်ဌာနေတိုင်းရင်းသားများ၏ ရိုးရာအကများဖြင့် ဖျော်ဖြေမှုများပြုလုပ်ခဲ့ကြသည်။