ရန်ကုန်၊ သြဂုတ် ၉ ။ ။ လက်ရှိ ပရိသတ်အားပေးမှု စိတ်ဝင်စားမှု ခံနေရသည့် သရုပ်ဆောင် အေးဝတ်ရည်သောင်း၏ ဓာတ်ပုံများကို လူမှုကွန်ယက်စာမျက်နှာများတွင် စီးပွားရေးအလို့ငှာ ခွင့်ပြုချက် မရှိ သုံးစွဲနေမှုများကို ဥပဒေနှင့်အညီ အရေးယူမည်ဟု နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် အသိပေး ကြေငြာလိုက်သည်။
၎င်း၏ ခွင့်ပြုချက် မရရှိဘဲ Onlibe Shopping များ၊ အင်တာနက် websiteများ၊ လူမှုကွန်ရက်စာမျက်နှာ၊ Facebook စီးပွားရေး Page များတွင်လည်းကောင်း၊ စီးပွားရေး ကြော်ငြာများတွင် လည်းကောင်း သုံးစွဲနေမှုများအတွက် ဥပဒေအရ အရေးယူမည်ဟု ဒေါ်အေးဝတ်ရည်သောင်း၏ ကိုယ်စား တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်နှင်းမြတ်က နိုင်ငံပိုင်သတင်းစာတွင် ကြေငြာလိုက်ခြင်းဖြစ်သည်။
ဒေါ်ခင်နှင်းမြတ်၏ အသိပေးကြေညာချက်တွင် "ကျွနု်ပ်၏ မိတ်ဆွေ ဒေါ်အေးဝတ်ရည်သောင်း မူပိုင်ခွင့်ပြုချက် မရရှိဘဲ သုံးစွဲနေကြောင်း အထောက်အထား ခိုင်လုံစွာ သိရှိရပါသည်။ ကျွနု်ပ် မိတ်ဆွေအနေဖြင့် နိုင်ငံတော်၏ အခွန်များ ထမ်းဆောင်၍ အနုပညာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းနေသူ ဖြစ်သဖြင့် မိမိ၏ အနုပညာကြေးများ မရရှိဘဲ ယခုကဲ့သို့ စီးပွားရေး page များတွင် သုံးစွဲနေခြင်းမှာ ကျွနု်ပ်၏ မိတ်ဆွေအနေဖြင့် အနုပညာကြေးများ ဆုံးရှုံးနစ်နာလျက် ရှိပါသည်။ သို့ဖြစ်၍ ကျွနု်ပ်၏ မိတ်ဆွေ တရားဝင်ခွင့်ပြုချက် မရရှိဘဲ ကျွနု်ပ်၏ မိတ်ဆွေ ဓာတ်ပုံများအား အင်တာနက် websiteများ၊ လူမှုကွန်ရက်စာမျက်နှာ၊ Facebook အွန်လိုင်း Shopping များတွင် စီးပွားရေး ကြော်ငြာအဖြစ် သုံးစွဲခြင်း မပြုလုပ်ရန် သတိပေး တားမြစ်အပ်ပါသည်" ဟု ပါရှိသည်။
ဆက်လက်၍ "အကယ်၍ ဆက်လက် ပြုလုပ် သုံးစွဲနေမည်ဆိုပါက ကျွနု်ပ်မိတ်ဆွေ၏ အနုပညာနစ်နာကြေးများအတွက် တည်ဆဲဥပဒေများနှင့်အညီ အရေးယူတရားစွဲဆိုဆောင်ရွက်မည် ဖြစ်ကြောင်း သက်ဆိုင်သူများနှင့် အများသိစေရန် အသိပေး ေြကညာအပ်ပါသည်။" ဟု သြဂုတ် ၉ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါရှိသည်။
သရုပ်ဆောင် အေးဝတ်ရည်သောင်းသည် လက်ရှိတွင် ဒါရိုက်တာ သြရသ ရိုက်ကူးသည့် မင်္ဂလာရှိသောအရပ် ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်လျက် ရှိသည်။
သရုပ်ဆောင် အေးဝတ်ရည်သောင်းသည် အနုပညာ လောကထဲ တကျော့ပြန် ပြန်လည် ရောက်ရှိလာကာ ၎င်း၏ မြန်မာဆန်ဆန်ဝတ်စားဆင်ယင်မှုများကြောင့် ပရိသတ်ကြား မအေးသောင်းအမည်ဖြင့် တစ်ဖန်ပြန်လည်အားပေးမှု ရရှိလာခြင်းလည်းဖြစ်သည်။ ၎င်း၏ Aye Thaung ဖေ့ဘုတ် စာမျက်နှာသည် Followed ၈သိန်းကျော် ရရှိထားကာ ၎င်း၏ ဓာတ်ပုံများသည်လည်း ပရိသတ် အားပေးမှု ရရှိလျက်ရှိသည်။