သာကေတတံတားသစ်ကို ၂၀၁၈ ခုနှစ်တွင် အပြီးတည်ဆောက်ရန်လျာထား

သာကေတတံတားသစ်ကို ၂၀၁၈ ခုနှစ်တွင် အပြီးတည်ဆောက်ရန်လျာထား
 ဂျပန်၏ အကူအညီဖြင့် တည်ဆောက်လျက်ရှိသည့် သာကေတ တံတားသစ်ကို သြဂုတ် ၂ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-စိုးသူအောင်)

ရန်ကုန်၊ သြဂုတ် ၂ ။             ။ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်ကို ချိတ်ဆက်ပေးမည့် လေးလမ်းသွား သာကေတတံတားသစ်ကို ၂၀၁၈ ခုနှစ်အတွင်း အပြီးတည်ဆောက်ရန် လျာထားသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန(တံတားဦးစီးဌာန) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်ကပြောသည်။

“ခန့်မှန်းကုန်ကျစရိတ်ကတော့ ဂျပန် ယန်း ၃၃၆၀ သန်း (မြန်မာကျပ်ငွေ သန်းလေးသောင်းကျော်) ဖြစ်ပါတယ်။ ပြီးစီးဖို့ကတော့ ၂၀၁၈အတွင်းမှာ ပြီးဖို့လျာထားပြီးတော့ မှီအောင်လုပ်ဆောင်နေပါတယ်" ဟု ၎င်းကပြောဆိုသည်။

သာကေတတံတားသစ်ကို ဂျပန်အစိုးရ၏ ကူညီပံ့ပိုးငွေဖြင့် ၂၀၁၄ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဦးနေအောင်ရဲမြင့်ကပြောသည်။

ယခုလက်ရှိအသုံးပြုနေသည့် သာကေတ ဒေါပုံတံတားသည် ၁၉၆၇ ခုနှစ်ကတည်းက တည်ဆောက်ထားသောကြောင့် တံတား၏ ခံနိုင်ရည်မှာ ကျဆင်းလာသည့်အပြင် ရန်ကုန်မြို့ရှိ ယာဉ်ကြောပိတ်ဆို့မှုများ သက်သာစေရန် ရည်ရွယ်တည်ဆောက်ရခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။

ထို့အပြင် သီလဝါအထူးစီးပွားရေးဇုန်သို့ ရန်ကုန်မြို့အတွင်းမှသွားသည့်အခါ အဆင်ပြေစေရန်လည်း ရည်ရွယ်ကြောင်းနှင့် ဂျပန်နိုင်ငံမှ တံတားတည်ဆောက်သည့် နည်းပညာများရရှိရန်အတွက်လည်း ရည်ရွယ်သည်ဟု ဦးနေအောင်ရဲမြင့်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly