ချယ်လ်ဆီးကွင်းလယ်လူမာတစ်ကို ၃ နှစ်စာချုပ်ဖြင့် မန်ယူအသင်း ခေါ်ယူ

ချယ်လ်ဆီးကွင်းလယ်လူမာတစ်ကို ၃ နှစ်စာချုပ်ဖြင့် မန်ယူအသင်း ခေါ်ယူ

ဇူလိုင် ၃၁၊ အင်္ဂလန် ။            ။ မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းမှ ဆားဘီးယားကွင်းလယ်ကစားသမား နီမန်ဂျာမာတစ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ ဖြင့် သုံးနှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီ ဖြစ်သည်။

မာတစ်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့ကတည်းက မန်ယူအသင်းတွင် ဆေးစစ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုမှ အပြောင်းအရွှေ့ကို အဆုံးသတ်ကာ တရားဝင်ကြေညာနိုင်ခြင်းဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိမာတစ်သည် ဘင်ဖီကာနောက်ခံလူ လင်ဒီလော့ဖ်(ပေါင် ၃၁ သန်း)၊ အဲဗာတန်တိုက်စစ်မှူးလူကာကူ(ပေါင် ရ၅ သန်း)တို့ပြီးနောက် မန်ယူအသင်း၏ တတိယမြောက် ကစားသမားခေါ်ယူမှု ဖြစ်သည်။

မန်ယူအသင်းသည် မာတစ်အတွက် ကနဦးပြောင်းရွှေ့ကြေးပေါင် ၃၅ သန်းပေးရမည်ဖြစ်ပြီး ခြေစွမ်းအပေါ်မူတည်၍ ပေါင် ၅ သန်းကို ထပ်မံပေးချေရမည်ဖြစ်သည်။ မာတစ်သည် မန်ယူတွင် တစ်ပတ်လစာငွေ ပေါင် ၁၄၀,၀၀၀ ရရှိမည် ဖြစ်သည်။

မန်ယူသို့ ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက်တွင် မာတစ်က ၀မ်းမြောက်မိကြောင်းနှင့် စိတ်လှုပ်ရှားရသည့် အချိန်ဖြစ်ကြောင်း ဆိုသည်။

“မော်ရင်ဟိုနဲ့နောက်တစ်ကြိမ်လက်တွဲရမယ်ဆိုတဲ့ အခွင့်အရေးကို ကျွန်တော်မငြင်းပယ်နိုင်ခဲ့ပါဘူး။ ချယ်လ်ဆီးအသင်းမှာ ကစားခဲ့ရတဲ့အချိန်တွေက တကယ်ကို စိတ်ကျေနပ်စရာကောင်းတဲ့ အချိန်တွေပါ။ ကျွန်တော့်ကို အားပေးထောက်ခံခဲ့ကြတဲ့ ချယ်လ်ဆီးအသင်းနဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အခုတော့ ကျွန်တော့်ရဲ့အသင်းဖော်သစ်တွေနဲ့တွေ့ပြီး လေ့ကျင့်ခန်းစလုပ်ဖို့ မစောင့်နိုင်တော့ပါဘူး” ဟု မာတစ်က ဆိုသည်။

မန်ယူနည်းပြ မော်ရင်ဟိုကတော့ မာတစ်သည် သစ္စာရှိသူဖြစ်ပြီး ရည်မှန်းချက်ကြီးမားသလို အသင်းနှင့်စည်းလုံးညီညွတ်စွာ ကစားနိုင်သည့် ၎င်းလိုချင်သောကစားသမားမျိုးဖြစ်ကြောင်း ချီးကျူးခဲ့သည်။

မော်ရင်ဟိုသည် ၂၀၁၄ ခုနှစ်က မာတစ်ကို ဘင်ဖီကာမှ ချယ်လ်ဆီးသို့ ပေါင် ၂၁ သန်းဖြင့် ခေါ်ယူခဲ့သူဖြစ်ပြီး ယခု ဒုတိယတစ်ကြိမ် ထပ်မံခေါ်ယူခြင်းဖြစ်သည်။

မာတစ်သည် မန်ယူအသင်းတွင် ရှဝိန်းစတိုင်ဂါ၀တ်ဆင်ခဲ့သည့် ကျောနံပါတ် ၃၁ ကို ၀တ်ဆင်ကစားမည် ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly