ရန်ကုန်၊ ဇူလိုင် ၂၆ ။ ။ လတ်တလော ဖြစ်ပွားနေသည့် ရာသီတုပ်ကွေး A(H1N1) နှင့် ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို ပြည်သူများထံ အလွယ်ဆုံးနည်းဖြင့် ပညာပေးနိုင်ရန် H1N1 Fighter အမည်ရ Android ဂိမ်းကို ရေးဆွဲဖြစ်ခဲ့ကြောင်း အဆိုပါ ဂိမ်းရေးဆွဲခဲ့သည့် Save In Your Brain ကုမ္ပဏီက Developer ကိုစိုးမြတ်မင်းက ပြောသည်။
“ဒီဂိမ်းလေးကတော့ အပျော်သဘောပေါ့။ H1N1 ဗိုင်းရပ်စ်လိုမျိုး အကောင်လေးတွေကို လက်နဲ့ ဖိသတ်ကြမယ်။ အရင် Nintendo ဂိမ်းတွေထဲက သေနတ်ပစ်သလိုမျိုးပေါ့။ အဲ့လို အကောင်လေး တွေကို စက္ကန့်ခြောက်ဆယ်အတွင်း သတ်ရမယ်။ စက္ကန့်ခြောက်ဆယ်ပြည့်တာနဲ့ ပညာပေး စာတန်းလေးနဲ့ ပုံလေးတက်လာမယ်။ အဲ့လိုပုံစံရှိတဲ့ High Score ဂိမ်းလိုမျိုး ရေးထားတာပါ”ဟု H1N1 Fighter ဂိမ်းနှင့်ပတ်သတ်ပြီး Developer ကိုစိုးမြတ်မင်းက မဇ္စျိမကို ပြောသည်။
အဆိုပါဂိမ်းကို စတင်ရေးဆွဲရန် စိတ်ကူးမိချိန်တွင် အပျော်သဘောသာ ဖန်တီးရန် စဉ်းစားခဲ့ခြင်းနှင့် ဂိမ်းကို ၃နာရီအတွင်း အပြီးရေးဆွဲထားမှုကြောင့် ဂိမ်းအသွင်အပြင်ပိုင်းက အလွန်ထူးခြား မနေသော်လည်း ပြည်သူများ စိတ်ဝင်စားမှုမြင့်တက်လာပါက လက်ရှိဂိမ်းကို Upgrade လုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
“အကယ်လို့ ဒီဂိမ်းကို ၀င်ကစားတဲ့သူများ လာမယ်ဆိုရင်တော့ ပျော်စရာကောင်းမဲ့ ပညာပေးပုံစံတွေနဲ့ ဒီဇိုင်းပိုင်းကို မြှင့်သွားမှာပါ။ နောက် ဒီထက် ထပ်တိုးလာရင်တော့ Facebook က User board နဲ့ ချိတ်တာမျိုးအထိ လုပ်ဖို့ အစီအစဉ်ရှိပါတယ်” ဟု ၄င်းက နောက်ပိုင်းအစီအစဉ်များနှင့် ပတ်သက်ပြီး ပြောသည်။
အဆိုပါ H1N1 Fighter ဂိမ်းကို Google play store တွင် အခမဲ့ရယူနိုင်ပြီး ယင်းဂိမ်းကစားသူများ ကစားနေရင်း ပညာပေးစာသားများကို ဖတ်မိပြီး လိုက်နာကျင့်သုံးမှုတိုးလာမည်ဆိုပါက ဂိမ်းတွင်း ပညာပေးအချက်အလက်များ နည်းပါးနေလင့်ကစား အတော်ကျေနပ်မိမည်ဖြစ်ကြောင်း ကိုစိုးမြတ်မင်းက ပြောသည်။