မင်္ဂလာပါ ။
ဒီတစ်ပတ်တော့ ၀က်သားနဲ့ ဂွေးသီးချဉ်ငံစပ် ချက်ထားပါတယ်။ ၀က်သားဟင်းလည်း စားချင် အီမှာလည်း ကြောက်တယ် ဆိုသူတွေအတွက် အချဉ်ဓာတ်လေး ပါအောင်ချက်ထားတဲ့ ၀က်သားနဲ့ ဂွေးသီးချဉ်ငံစပ် ဟင်းလေးပါ။
ချက်ပြုတ်ဖို့ အတွက် လိုအပ်တာတွေကတော့
၀က်ပေါင်သား ၂၅သား( အနေတော်လှီးပြီး ဆားဆနွင်းနယ်ထားပါ)
ဂွေးသီး ၅လုံး( အခွံခွာပြီး ကြိတ်ချေထားပါ)
ကြက်သွန်နီ ၂ဥ
ကြက်သွန်ဖြူ ၁ဥ
ခရမ်းချဉ်သီး အနည်းငယ်
အရောင်တင်မှုန့် အနည်းငယ် တို့ ဖြစ်ပါတယ်။
အရင်ဆုံး ကြက်သွန်နီ ၂ဥကြက်သွန်ဖြူ ၁ဥ အရောင်တင်မှုန့် တို့ကို ထောင်းထားပါ။ ပြီးရင် ဆီသတ်ပါ။ ကြက်သွန်တွေ နွမ်းလာရင် ခရမ်းချဉ်သီး ထည့်ပြီး ချေပါ။ ပြီးရင်တော့ ကြိတ်ထားတဲ့ဂွေးသီးကို ထည့်ပါ။ ဂွေးသီး ကျက်အောင်ထားပါ။
ဂွေးသီးကျက်ရင် ၀က်သားထည့်ပါ။ အနှစ်နဲ့ အသားနှံ့အောင် မွှေပါ။ ရေမထည့်သေးဘဲ အသားအနံ့ပျောက်အောင် မီးအေးအေးနဲ့ အဖုံးအုပ်ပြီး ခဏတည်ထားပါ။ ပြီးမှ အသားမြှုပ်အောင်ရေထည့်ပြီး ချက်ပါ။
ရေခမ်းပြီး ဆီပြန် အသားနူးတော့မယ်ဆိုရင် အရသာအပေါ့အငန်မြည်းပါ။ အချဉ်ဓာတ်ကဲတယ်ဆိုရင်တော့ ငံပြာရည် အနည်းငယ်ထည့်နိုင်ပါတယ်။ ရေခမ်းပြီး ဆီပြန်လာပြီဆိုရင်တော့ ချဉ်ငံစပ် ၀က်သားနဲ့ ဂွေးသီးချဉ်ငံစပ် ဟင်းလေးရပါပြီ။ ချက်ရတာ မခက်ခဲဘဲ ထမင်းမြိန်မယ့် ဟင်းတစ်မယ်ပါ။ ဂွေးသီးနေရာမှာ တခြားအချဉ်အရသာရှိတဲ့ အသီးတွေလည်း အသုံးပြုချက်ပြုတ်နိုင်ပါတယ်။
အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။