မနီလာ၊ ဇူလိုင် ၁၁ ။ ။ ဖိလစ်ပိုင်တောင်ပိုင်းမြို့ကို အိုင်အက်စ်ကျောထောက်နောက်ခံ Maute စစ်သွေးကြွအုပ်စု သိမ်းပိုက်ထားခြင်းမှ ပြန်လည်လက်ရရေး စစ်တပ်၏ ထိုးစစ်ဆင်ရာတွင် သေဆုံးသူဦးရေက ၅၀၇ ဦးအထိ မြင့်တက်လာကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက ဇူလိုင် ၁၀ ရက်တွင် ပြောသည်။
သေဆုံးသူဦးရေတွင် သူပုန်က ၃၇၉ ဦး၊ စစ်ဖက်က ၈၉ ဦးနှင့် အရပ်သား ၃၉ ဦး သေဆုံးခြင်းဖြစ်ကြောင်း မြို့တော် မနီလာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အစိုးရပြောဆိုခွင့်ရှိသူ မရီဘန်နက်က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
အခြားသတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် စစ်တပ်ပြောခွင့်ရှိသူ ဗိုလ်မှူးချုပ် ပါဒဲလာက မာရာဝီမြို့တွင် စစ်သွေးကြွ ၈၀ နှင့် ၁၀၀ ကြားသာ ကျန်ရှိတော့ကြောင်း၊ ၎င်းတို့က အသက်မပြည့်သေးသူများ အပါအဝင် အရပ်သားများကို ဖမ်းဆီးဓားစာခံထားကာ ကိုယ်ကိုကို ကာကွယ်နေကြကြောင်း ပြောသည်။
စစ်တပ်က မြို့အား ဆက်လက်သိမ်းပိုက် တိုက်ပွဲဆင်နေပြီး တိုက်ပွဲက မကြာခင် ပြီးစီးဖွယ်ရှိကြောင်း ပါဒဲလာက ဆိုသည်။
လုံခြုံရေးအဖွဲ့များက အရပ်သား ၁၇၂၃ ဦးကို ကယ်ဆယ်ခဲ့ရပြီး တိုက်ပွဲများမှ ထွက်ပြေးတိမ်းရှောင်သူ ဦးရေသည် ၂၆၀၀၀၀ နီးပါးရှိသည်။
မာရာဝီမြို့တွင် မေ ၂၃ ရက်ကစကာ Maute စစ်သွေးကြွနှင့် အခြားသော ပြည်တွင်း၊ ပြည်ပ အကြမ်းဖက်သမားများက လက်နက်များကိုင်ဆောင်ကာ အိုင်အက်စ်အလံများ လွှင့်တင်ပြီး ရဲစခန်းတစ်ခု၊ စာသင်ကျောင်း၊ ဘုရားကျောင်းတို့အား မီးရှို့ရာမှ မန်ဒါနာအိုကျွန်းရှိ ယင်းမြို့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။