ပေကျင်း၊ ဇူလိုင် ၁၁ ။ ။ တရုတ်နိုင်ငံ အလယ်ပိုင်း ယူနန်ပြည်နယ်တွင် သီတင်းနှစ်ပတ်တာ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးမြေပြိုမှုများ ဖြစ်ပွားခြင်းကြောင့် လူ ခြောက်ဆယ်ကျော် သေဆုံးကာ နေရပ်စွန့် ဘေးလွတ်ရာရွှေ့ပြောင်းရသည့် ပြည်သူပေါင်းက ၁ ဒဿမ ၆ သန်း ကျော်ရှိကြောင်း အာဏာပိုင်များက ဇူလိုင် ၁၀ ရက်တွင် ပြောသည်။
၁၁ ရက်ကြာ မိုးဆက်တိုက်ရွာသွန်းပြီးနောက် လူနေအိမ် ၅၃၀၀၀ ခန့် လုံးလုံးပြိုလဲပျက်စီးကာ အိမ်ခြေ သုံးသိန်းခွဲနီးပါး တော်တော်များများ ပျက်စီးသည်ဟု ဟူနန် မြို့ပြရေးရာဌာန လက်ထောက်ညွှန်ကြားရေးမှူး တန်ပိုင်ယုက ဆိုသည်။
မြေပြိုမှုများ၊ နေအိမ်ပြိုကျမှုများကြောင့် လူအနည်းဆုံး ၆၃ ဦး သေဆုံးပြီး ၂၀ ကျော်က ပျောက်ဆုံးနေသည်။ ပျက်စီးဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ ၅ ဒဿမ ၆ သန်းကျော် ရှိကြောင်း တန်က ထုတ်ပြန်သည်။
ပြီးခဲ့သည့်လမှ စတင်ကာ မိုးသည်းထန်၊ ရေလွှမ်းမှုများကို တရုတ်အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် ရင်ဆိုင်နေရခြင်းဖြစ်သည်။
ကျန်ဇီပြည်နယ်တွင် ဖြစ်ပွားသော အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးရသည့် ရေကြီးမှုတွင် လူနှစ်ဒါဇင် သေကျေပျောက်ဆုံးနေကြောင်း ပြီးခဲ့သည့် သီတင်းပတ်က အာဏာပိုင်များက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လတွင် စီချွမ်ပြည်နယ်က ကျေးရွာတစ်ရွာ မြေပြိုမှုဖြစ်ရာ လူဆယ်ဦးသေဆုံးပြီး ၇၃ ဦးပျောက်ဆုံးနေသည်။