ရန်ကုန်၊ ဇူလိုင် ၁၄ ။ ။ YBS ၅၈ ၊ ၃၆၊ ၆၅ ယာဉ်လိုင်းများတွင် ဘတ်စ်ကားအသစ်များဖြင့် အစားထိုးပြေးဆွဲတော့မည်ဟု ရန်ကုန်မြို့ပြသယ်ယူရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီ(YUPT)၏ ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောသည်။
"၃၆ မှာ အစီး တစ်ရာ၊ ၅၈ မှာ အကုန်လဲမယ်၊ အခုလောလောဆယ် စတစ်ကာကပ်နေပြီ ရင်ပြင်မှာ"ဟု ရန်ကုန်မြို့ပြသယ်ယူရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီ(YUPT)၏ ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောသည်။
YBS ၅၈ ယာဉ်လိုင်းသည် မြို့တွင်းပတ်ယာဉ်လိုင်းဖြစ်ပြီး ၃၆ ယာဉ်လိုင်းသည် မြို့တွင်းချိတ်ဆက်ယာဉ်လိုင်း ဖြစ်ကာ YBS ၆၅ ယာဉ်လိုင်းသည် ဗိုလ်တစ်ထောင်မှ ရွှေပြည်သာအိမ်မဲကြီးအထိ ပြေးဆွဲနေသည်။ အဆိုပါ ယာဉ်လိုင်းများသည် ယခင် မထသပိုင် YUPT ကုမ္ပဏီအောက်မှ ယာဉ်လိုင်းများ ဖြစ်ပြီး စုစုပေါင်း ၂၁လိုင်း ရှိသည်။
တရုတ်နိုင်ငံမှ မှာယူတင်သွင်းထားသည့် ဘတ်စ်ကား ၁၀၀၀ အနက်မှ အစီးရေ ၅၀၀ ကို YBS ၅၈ ၊ ၃၆၊ ၆၅ ယာဉ်လိုင်းများအပါအဝင် ၎င်းကုမ္ပဏီပိုင် ကားလိုင်းများတွင် ထပ်မံအစားထိုး ပြေးဆွဲသွားမည် ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ G to G စနစ်(အစိုးရချင်းချိတ်ဆက်သည့်စနစ်)ဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ANKAI နှင့် YUTONG အမှတ်တံဆိပ် စီးတီးဘတ်စ်အစီး ၁၀၀၀ ကို YUPT (ယခင် မထသပိုင်)နှင့် YBPC (ယခင် BRT Lite) ကုမ္ပဏီများအား အစီး ၅၀၀ စီ ချပေးသွားမည် ဖြစ်သည်။