ဝါရှင်တန်၊ ဇွန် ၃၀ ။ ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အဓိကမွတ်စလင်နိုင်ငံကြီး ခြောက်နိုင်ငံမှ ဒုက္ခသည်များနှင့် ခရီးသွားများကို ယာယီပိတ်ပင်မိန့်သည် ဇွန် ၂၉ ရက်နှောင်းပိုင်းအချိန်ကစကာ အသက်ဝင်ပြီဖြစ်သည်။
တရားရုံးချုပ်က လူ့အခွင့်အရေးအုပ်စုများနှင့် ငါးလကြာ အခြေအတင်ဖြစ်ပြီးနောက် ထရမ့်၏ အမိန့်ကို ခွင့်ပြုချက်ချခဲ့ခြင်းဖြစ်သည်။
နိုင်ငံတွင်းသို့ အစွန်းရောက်များ ဝင်ရောက်ခြင်းကို တားဆီးရန် ယခုပိတ်ပင်မိန့်က လိုအပ်ကြောင်း ထရမ့်အစိုးရက ပြောသော်လည်း ပြည်ပမှ ဝင်ရောက်သူများအရေး ဆောင်ရွက်သူများက မွတ်စလင်များကို သက်သက်ထိခိုက်မှုဖြစ်စေကြောင်း ပြောသည်။
ယခုပိတ်ပင်မိန့်သည် အီရန်၊ လစ်ဗျား၊ ဆိုမာလီ၊ ဆူဒန်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံသားများ အမေရိကန်သို့ ဝင်ရောက်ခြင်းကို ရက် ၉၀ ပိတ်ပင်သည်။ အဆိုပါနိုင်ငံသားများအနေဖြင့် အမေရိကန်နိုင်ငံအတွင်း သွေးသားရင်း ဆွေမျိုးသားချင်းများ ရှိပါက ချွင်းချက်ထားကာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။