ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတစ်ဝှမ်း မိုးသည်းထန်ပြီး ရေကြီးမှုများ၊ မြေပြိုမှုများကဲ့သိုပ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရပြီး အချို့သော မဲဆန္ဒရှင်များမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စု စာရင်းများ ပျက်စီး၊ ပျောက်ဆုံးခြင်းများရှိ၍ ယင်းသို့ ပျောက်ဆုံးသည့် မဲဆန္ဒရှင်များသည် သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများထံ မဲဆန္ဒရှင် သက်သေခံ လက်မှတ်များထုတ်ယူပြီး ဆန္ဒမဲပေးနိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၄ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
၁၈နှစ်ပြည့်ပြီး ရွေးကောက်ပွဲ ဥပဒေပါ ပြဌာန်းချက်များ နှင့် မဆန့်ကျင်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူတိုင်းသည် နိုင်ငံရေးကတ်ပြား၊ အိမ်ထောင်စု စာရင်း မရှိသော်လည်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် စီစဉ်ဆောင်ရွက်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် တစ်နိုင်ငံလုံး၏ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုရရှိထားပြီးဖြစ်ကာ အတည်ပြုမဲစာရင်းများကို သြဂုတ်လကုန်ပိုင်းခန့်တွင် ကြိုတင်အသိပေးထုတ်ပြန်မည်ဖြစ်သည်။
ထုတ်ပြန်ရာတွင် မဲဆန္ဒရှင်များ အနေဖြင့် သတ်မှတ်ထားသည့် (၁၄) ရက်အတွင်း ပုံစံ (၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ ပုံစံ (၄) ဖြင့် မဲစာရင်းနှင် စပ်လျဉ်းသော ကန့်ကွက်လွှာတင်သွင်းခြင်း၊ ပုံစံ (၄-ဂ) ဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသောပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို လုပ်ဆောင်နိုင်ခွင့် ရှိသည်။
မဲဆန္ဒရှင်များအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် မဲရုံသို့ လာရောက် ဆန္ဒမဲပေးရာတွင် လွယ်ကူစေရန်အလို့ငှာ မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို မဲဆန္ဒရှင်များသို့ ရွေးကောက်ပွဲ နေ့ရက်မတိုင်မီ တစ်ပါတ်ခန့်အလိုတွင် ထုတ်ပေးရန် စီစဉ်ဆောင်ရွက်ထားသည်ဟု သိရသည်။