ဒမတ်စကပ်၊ ဇွန် ၂၇ ။ ။ ဆီးရီးယားအရှေ့ပိုင်းရှိ အိုင်အက်စ်လက်အောက်က အကျဉ်းထောင်ကို အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်များက လေကြောင်းထိုးစစ်ဆင်ရာတွင် လူအနည်းဆုံး ၅၇ ဦးသေဆုံးကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဇွန် ၂၇ ရက်တွင် ပြောသည်။
"မာယာဒန်းအရပ်က အကျဉ်းထောင် အရုဏ်တက်အချိန်လောက်မှာ လေကြောင်းတိုက်ခိုက်ခံရတာပါ။ အကျဉ်းသား ၄၂ ဦးသေဆုံးပြီး ဂျီဟတ်ဝါဒီ ၁၅ ဦး သေဆုံးပါတယ်။"ဟု စောင့်ကြည့်ရေးအဖွဲ့အကြီးအကဲ ရာမီရတ်မန်းက အေအက်ဖ်ပီသို့ ပြောသည်။
မာယာဒန်းအရပ်သည် ပြည်နယ်မြို့တော် ဒီယာအီဇာမြို့တော်မှ ၂၈ မိုင်အကွာ အူဖာရတ်တောင်ကြားတွင် တည်ရှိသည်။
မြို့ရှိလမ်းများတွင် သေဆုံးရုပ်အလောင်းများကို အိုင်အက်စ်တို့က ထမ်းကာ ချီတက်လမ်းလျှောက်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့က ၎င်း၏ သတင်းရင်းမြစ်များကို ကိုးကားကာ ပြောဆိုသည်။
ဒီယာအီဇာပြည်နယ် နယ်မြေအများစုမှာ အိုင်အက်စ်ဂျီဟတ်ဝါဒီတို့၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး အမေရိကန်ညွန့်ပေါင်းတပ်များကလည်းကောင်း၊ ဆီးရီးယားစစ်တပ်နှင့် ၎င်း၏ မဟာမိတ်ရုရှစစ်တပ်ကလည်းကောင်း လေကြောင်းတိုက်ခိုက်မှုများအတွက် ပစ်မှတ်ထားထားသည်။
မာယာဒန်းအရပ်တွင် မေ ၃၁ ရက်က လေကြောင်းတိုက်ခိုက်မှုအတွင်း အိုင်အက်စ် ထိပ်တန်းဘာသာရေးခေါင်းဆောင် တက်ကီဘီနာလီအား သုတ်သင်လိုက်နိုင်ကြောင်း အမေရိကန်ညွန့်ပေါင်းတပ်များက ပြီးခဲ့သည့်သီတင်းပတ်၌ ထုတ်ပြန်ထားသည်။
ရုရှကလည်း ဒီယာအီဇာအရပ်၌ ဇွန် ၆ ရက်နှင့် ၈ ရက်တို့တွင် လေကြောင်းထိုးစစ်များ ဆင်နွှဲရာ၌ အိုင်အက်စ်စစ်သွေးကြွ ၁၈၀ နီးပါးကို သုတ်သင်လိုက်နိုင်ကြောင်း ယခုလအစောပိုင်းက ကြေညာခဲ့သည်။