လွိုင်ကော်၊ ဇွန် ၂၇ ။ ။ ဆိုရှယ်မီဒီယာများပေါ်က လွန်ကျွံမှုများကိုတုံ့ပြန်ရင်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) သည် မီဒီယာများအပေါ်တွင်ပါ သက်ရောက်မှုရှိလာခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်က်တာဖေမြင့်က ပြောဆိုလိုက်သည်။
“အားလုံးအထူးပြောစရာ မလိုပါဘူး။ ၆၆ (ဃ) သည် ဆိုရှယ်မီဒီယာထက်က လွန်ကျွံမှူတွေကို ဝင်ရောက်ရတဲ့နည်းနဲ့ ထိန်းသိမ်းဖို့ သို့မဟုတ် တုံ့ပြန်ဖို့ သုံးစွဲရင်းနဲ့ ဒါသည် ထင်ရှားလာပါတယ်။ အဲဒီရဲ့ ဂယက်ကို မူလ Mainstream မီဒီယာကြီးတွေ၊ ပုံနှိပ်မီဒီယာတွေ၊ တခြားမီဒီယာတွေပေါ့နော် သက်ရောက်မှုတွေရှိလာပါတယ်" ဟု ၎င်းကပြောဆိုသည်။
ကယားပြည်နယ် လွိုင်ကော်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပနေသည့် ပဉ္စမအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံ ပထမရက် (ဇွန် ၂၆ ရက်) အဖွင့်မိန့်ခွန်းတွင် ဝန်ကြီးက ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာ (Facebook) တွင် ရေးသားနေကြသူများသည် လေ့ကျင့်သင်ကြားမှု၊ တည်းဖြတ်မှု နှင့် ကျင့်ဝတ်တို့မရှိသောကြောင့် သက်ရောက်မှုများရှိလာရသည် ဟု ဒေါ်တာဖေမြင့်ကပြောသည်။
ထို့ကြောင့်ထိခိုက်နစ်နာရသည်ဟု ယူဆရသူများမှ ၆၆ (ဃ) ဖြင့် ပြန်လည်တုံ့ပြန်သည်ကို အကြောင်းပြုကာ ပြဿနာများ တတ်လာရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“မီဒီယာတွေ သက်ရောက်မှုတွေက ကူးစက်နေတဲ့အတွက်ကြောင့်မို့လို့ နောက်လည်းတခြားမှာ ပြဿနာတွေပေါ်လာရင် ဘာပဲပေါ်ပေါ် Mainstream မီဒီယာကိုလည်း သက်ရောက်မှာပဲ သို့သော် Mainstream မီဒီယာမှာတော့ အဖွဲ့အစည်းတွေ ရှိတယ်။ ၆၆ က မီဒီယာနဲ့ပတ်သက်လို့ သက်ရောက်မှာပဲ"ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောဆိုသည်။
၅ ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို ကယားပြည်နယ် လွိုင်ကော် မြို့တော်ခန်းမမှာ ပြုလုပ်နေခြင်းဖြစ်သည်။ ဇွန်လ ၂၆ရက် ပထမရက်မှ စပြီး ညီလာခံကို ဇွန် ၂၈ရက်ထိ ၃ ရက်ကြာ ပြုလုပ်နေသည်။
အဆိုပါ ညီလာခံကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုး၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မြန်မာ့သတင်း မီဒီယာကောင်စီမှ တာဝန်ရှိသူတွေ၊ တိုင်းရင်းသားဒေသေတွေက တာဝန်ရှိသူတွေ အပါအဝင် ကိုယ်စားလှယ် ၁၅၀ ကျော်ခန့် တတ်ရောက်ခဲ့သည်။