ဘန်ကောက်၊ ဇွန် ၂၄ ။ ။ အနောက်နိုင်ငံများက ပင်စင်စားများအတွက် လှပသော ကမ်းခြေနှင့် အဆင်ပြေသော လူမှုဘဝ နေထိုင်မှုကြောင့် ထိုင်းနိုင်ငံမှာ ရည်မှန်းခရီးပန်းတိုင်တစ်ခု ဖြစ်နေသည်။
သို့သော် အခြားအရပ်ဒေသကို ရွေးချယ်နိုင်အားမရှိသော နေရင်း ထိုင်းပြည်သူများအတွက်မူ ပျော်ရွှင်ဖွယ် ဘဝဘုံတစ်ရပ် မဟုတ်ဘဲ နည်းပါးသည့် ပင်စင်ကြောင့် အိုမင်းမစွမ်းအရွယ်အထိ အလုပ်လုပ်ကိုင် ရုန်းကန်နေကြရဆဲဖြစ်သည်။
"ကျွန်မက အသက် ၇၁ နှစ်ရှိပါပြီ။ ပင်စင်က တစ်လမှ ထိုင်းဘတ် ၆၀၀(အမေရိကန်ဒေါ်လာ ၁၇ ဒေါ်လာ)သာ ရပါတယ်။ ဒါကြောင့် တော်တော်လေး ခက်ခဲကျပ်တည်းတယ်။"ဟု ဘန်ကောက်က ပရာကာနောင်ဈေးတွင် သရေစာအချိုမုန့်ဆိုင် ဖွင့်ရောင်းနေရသူ နူးဂျန်းက ပြောသည်။
"ပင်စင်ပိုက်ဆံဟာ ဆန်ဝယ်ဖို့လောက်ပဲ ရပါတယ်။"ဟု ဖခင်မဲ့ မြေးလေးဦးကိုပါ ရှာကျွေးနေရသဖြင့် ဝင်ငွေမလောက်င ဖြစ်နေသည့် ပင်စင်စားအဘွားအို နူဂျန်းက ဆိုသည်။
ကျန်းမာရေးအခြေအနေလည်း ရှိနေသေးသောကြောင့် နူဂျန်းသည် တစ်လလျှင် ရက် ၂၀ ဝန်းကျင်သာ ဆိုင်ထွက်နိုင်သည်။
ဈေးဆိုင်ထွက်သည့် ရက်ဆိုလျှင် တစ်နေ့ ဘတ် ၂၀၀ နှင့် ၄၀၀ ကြား ရောင်းရကာ ဝင်ငွေရကြောင်း ၎င်းက ပြောသည်။
"ခုတလောတော့ တော်တော်လေး ငွေကျပ်တယ်။ ဈေးလာသူ အရမ်းပါးတယ်။"ဟု ပင်စင်စားဈေးသည် အဘွားအိုက ညည်းညူသည်။
အကျိုးအမြတ်မမျှော်သော အပြည်ပြည်ဆိုက်ရာ သက်ကြီးရွယ်အိုများ ကူညီရေးအဖွဲ့ အဆိုအရ ထိုင်းနိုင်ငံတွင် အသက်ခြောက်ဆယ်ကျော် အမျိုးသမီး ဦးရေ၏ ၃၈ ရာခိုင်နှုန်မှာ အလုပ်ဆက်လုပ်ကိုင်နေရဆဲဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံမှာ ထိုင်းနှင့် နှုန်းထားတူပြီး ဘင်္ဂလားဒေ့ရှ်က ၃၉ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်က ၄၃ ရာခိုင်နှုန်းနှင့် နီပေါက ၆၆ ရာခိုင်နှုန်း ရှိသည် ။
အသက် ၆၀ ကျော် အလုပ်လုပ်နေရဆဲ အမျိုးသားဦးရေကို ထည့်တွက်မည်ဆိုပါက နှုန်းထားသည် ထိုင်းတွင် ၄၉ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်တွင် ၅၄ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်တွင် ၆၄ ရာခိုင်နှုန်းနှင့် နီပေါတွင် ၇၆ ရာခိုင်နှုန်း ရှိမည်ဖြစ်သည်ဟု ဆိုသည်။