တနိုင်းရွှေမှော်များမှ ရွှေ့ပြောင်းအလုပ်သမားများ ခန္တီးသို့ရောက်ရှိလာ

တနိုင်းရွှေမှော်များမှ ရွှေ့ပြောင်းအလုပ်သမားများ ခန္တီးသို့ရောက်ရှိလာ
ဇွန် ၆ရက်ကမ့်ကွမ်းချောင်းဝ မှ စစ်ပြေးရှောင်များကို လှေများဖြင့် ခေါ်ဆောင်စဉ်။ Photo Credit - Hkun Awng Nlam facebook

မုံရွာ၊ ဇွန် ၁၄။            ။ လက်ရှိ တိုက်ပွဲအခြေအနေများကြောင့် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ရွှေမှော်များမှ ထွက်ခွာလာသော ရွှေ့ပြောင်းအလုပ်သမားများမှာ ခန္တီးမြို့သို့ ရောက်ရှိလာ၍ ကူညီပေးနေရကြောင်း ခန္တီးမြို့နယ်ဒေသခံများက ပြောသည်။

ဇွန် ၁၂ ရက်နေ့မှစတင်ကာ ရွှေ့ပြောင်းအလုပ်သမားများရောက်ရှိလာကြပြီး ၇၀၀ ဦးခန့် ရောက်ရှိလာကြပြီးဖြစ်ကြောင်း သိရသည်။

"ချင်းတွင်းမြစ်အတ်ုင်း ရွှေ့ပြောင်းအလုပ်သမား ၇၀၀ လောက် ရောက်လာကြတယ်၊ သူတို့ခရီးကို ရှေ့ဆက်သွားနေကြပါပြီ။ ဒီနေ့လည်း နောက်တစ်ဖွဲ့ ထပ်ရောက်မယ်ကြားလို့ အကူညီပေးဖို့ ဒေသခံတွေ ပြင်ဆင်နေကြတယ်" ဟု ခန္တီးဒေသခံ ကိုအောင်မျိုးက ပြောသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများအား တည်းခိုအိပ်စက်ရန်နေရာစီစဉ်ပေးခြင်း၊ ထမင်းထုပ်များ ဝေငှခြင်း တို့ပြုလုပ်ကာ ကူညီပေးနေရကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်းရှိ ရွှေမှော်များမှ အလုပ်သမားများအား နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည် ဖြစ်သည့်အတွက် ဇွန် ၁၅ ရက် နောက်ဆုံးထားတာထွက်ခွာပေးကြရန် ဇွန် ၅ ရက်က တပ်မတော် ရဟတ်ယာဉ်များဖြင့် စာရွက်များကြဲကာ အသိပေးခဲ့သည်။

တနိုင်းမြို့နယ်တွင် လုပ်ကိုင်နေသော ရွှေမှော်ပေါင်း ၂၀ ခန့်ရှိပြီး နိုင်ငံတော်မှ တရားဝင် ခွင့်ပြုထားသော မှော်များမဟုတ်ကြောင်း သိရသည်။

KIA မှလည်း လက်ရှိဖြစ်နေသော စစ်ရေးအခြေအနေများကြောင့် ဖားကန့်မြို့နယ်အတွင်း  ဖြတ်သန်းသွားလာမှုကို ကန့်သတ်လိုက်ပြီး ယင်းကို ဇွန်လ ၁၀ ရက်က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly