နာမည်ကျော် ရော့ခ်ဂီတအဖွဲ့ Rolling Stones မှ အဖွဲ့ဝင်များနှင့် ချစ်ကြိုက်ခဲ့သူအဖြစ် လူသိများသော မင်းသမီးနှင့် မော်ဒယ်ဖြစ်သူ အနီတာပယ်လန်ဘာ့ဂ်သည် အသက် ၇၃နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
သူမကွယ်လွန်သွားပြီ ဆိုသည့်သတင်းကို ဒါရိုက်တာဂျူလီယန်၏ သမီးဖြစ်သူ စတယ်လာရှနယ်ဘယ်လ်က ဇွန် ၁၃ ရက်နေ့တွင် လူအများကို အသိပေးခဲ့ခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ကွယ်လွန်ရသည်ကို ဖော်ပြခဲ့ ခြင်းမရှိကြောင်း သိရသည်။
“ ကျွန်မရဲ့ ရိုမန်မိခင်ကြီး ငြိမ်းချမ်းစွာအနားယူနိုင်ပါစေ” ဟု စတယ်လာက သူမ၏ အင်စတာဂရမ်၌ ရေးသားခဲ့ သည်။
ပယ်လန်ဘာ့ဂ်သည် Rolling Stones အဖွဲ့ဝင် ဘရိုင်ယန်ဂျုံးစ်၏ ချစ်သူဖြစ်ခဲ့ဖူးပြီး ထို့နောက်တွင် နောက်ထပ် အဖွဲ့ဝင် ကိတ်သ်ရစ်ချတ်နှင့် အတူနေချစ်သူများဖြစ်ခဲ့ကာ ရင်သွေးများ ထွန်းကားခဲ့သည်။
သူမကို ဂျာမန်နှင့် အီတာလျံ မိဘများက ရောမမြို့၌ ၁၉၄၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၆၀ ခုနှစ် များတွင် မော်ဒယ်အဖြစ် စတင်အသက်မွေးခဲ့သည်။
သူမသည် ဂျုံးစ်နှင့် ၁၉၆၅ခုနှစ်တွင် စတင်တွေ့ဆုံခဲ့ကာ၂နှစ်ကြာပြီးနောက်တွင် ရစ်ချတ်နှင့် ချစ်သူများဖြစ်ခဲ့ကြ သော်လည်း လက်ထပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ဂျုံးစ်သည် ထို့နောက်တွင် Rolling Stones အဖွဲ့မှ နှုတ်ထွက်ခဲ့ပြီး မကြာခင်တွင် ကွယ်လွန်ခဲ့သည်။
ရစ်ချတ်က သူ၏ ဘဝမှတ်တမ်းထဲတွင် ပယ်လန်ဘာ့ဂ်အား စိတ်ဓာတ်ကြံ့ခိုင်သော အမျိုးသမီးတစ်ဦးအဖြစ် တင်စားခဲ့ပြီး အလွန်ထက်မြတ်သလို အလွန်လှပကြောင်းလည်း ထည့်သွင်းရေးသားခဲ့သည်။
ပယ်လန်ဘာ့ဂ်နှင့် ရစ်ချတ်တို့နှစ်ဦးသည် ၁၉၈၀ ခုနှစ်တွင် လမ်းခွဲပြတ်ဆဲခဲ့ကြပြီး ရင်သွေး ၃ဦးထွန်းကားခဲ့ကာ တစ်ဦးမှာ မွေးကင်းစအရွယ်တွင် ကွယ်လွန်သွားခဲ့သည်။