ဇွန် ၈၊ အီတလီ ။ ။ ဂျူဗင်တပ်စ်အသင်းသည် အသင်းအတွက် အောင်မြင်မှုများရယူပေးနိုင်ခဲ့သည့် နည်းပြအယ်လီဂရီကို ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။
အယ်လီဂရီသည် ပြီးခဲ့သည့်ရာသီက ဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေဖလားနှင့် ကိုပါအီတာလီယာဖလားတို့ကို ရယူပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်သည်။
အယ်လီဂရီနှင့် စာချုပ်သစ် ချုပ်ဆိုပြီးနောက်တွင် ဂျူဗင်တပ်စ်အသင်းက ‘ဂျူဗင်တပ်စ်အသင်းနဲ့နည်းပြ အယ်လီဂရီတို့ဟာ သမိုင်းတစ်ခုကို အတူတကွ ဖန်တီးခဲ့ကြတာပါ။ အခုတော့ အတူတကွ နောက်တစ်ဆင့်ကို တက်လှမ်းရမယ့် အချိန်ကိုရောက်ရှိလာပါပြီ’ ဟု ထုတ်ပြန်ကြေညာခဲ့သည်။
အယ်လီဂရီကို ဥရောပထိပ်သီးအသင်းကြီးများက ခေါ်ယူရန် စောင့်ကြည့်နေခဲ့ကြသော်လည်း ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးယဲလ်ကို ၄-၁ ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် လေးရက်အကြာမှာပင် စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
အယ်လီဂရီတာဝန်ယူပြီးနောက်တွင် ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေဆုဖလား သုံးကြိမ်၊ ကိုပါအီတာလီယာဖလားသုံးကြိမ်နှင့် အီတလီစူပါဖလားတစ်ကြိမ် ရယူနိုင်ခဲ့ကြောင်း ဂျူဗင်တပ်စ်အသင်းက ထုတ်ပြန်ခဲ့သည်။
ရည်ညွှန်း ဘီဘီစီ