ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုရေး ရံပုံငွေဖြင့် ဒေသအကျိုးဆောင်ရွက်ရာ၌ ကိစ္စအသေးအဖွဲကအစ အလေးအနက်ထားရန် အကြံပြု

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုရေး ရံပုံငွေဖြင့် ဒေသအကျိုးဆောင်ရွက်ရာ၌ ကိစ္စအသေးအဖွဲကအစ အလေးအနက်ထားရန် အကြံပြု

နေပြည်တော်၊ ဇွန် ၆ ။               ။ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုရေး ရံပုံငွေဖြင့် ဒေသများအကျိုးအတွက် ဆောင်ရွက်ရာတွင် ကိစ္စသေးသေးလေးကအစ အလေးအနက်ထားရန် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူပေါင်းကော်မတီကအကြံပြု လိုက်သည်။

“ဒါကလည်း ပထမဦးဆုံးတော့ မဟုတ်တော့ဘူး ၂၀၁၅-၂၁၀၆ခုနှစ်ဆိုရင် သုံးကြိမ်မြောက်ပေါ့။ ဒီဘက်သက်တမ်းကျမှ ပထမအကြိမ်ဖြစ်မှာပေါ့။ ဆိုတော့ သုံးကြိမ်တောင် ရှိသွားပြီဆိုတော့ တချို့ ဥစ္စာတွေလည်း မမှားသင့်တဲ့ ဥစ္စာတွေပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မကုန်တဲ့ဟာတွေ ပြန်ပို့တာ မရှိတာတွေလည်းရှိတယ်။ အမှန်ကတော့ ဒီကိုယ်စားလှယ်တော်ကြီးတွေကို သံသယကြောင့် ဒါထောက်ပြတာ မဟုတ်ပါဘူး။ တော်ရုံတန်ရုံကိစ္စလေးတွေဆိုပြီးတော့ ခပ်ပေါ့ပေါ့တွက်တဲ့ ကိစ္စတွေကို ကျွန်တော်တို့က အဲ့တာတွေကို လေးလေးနက်နက်ထားပြီးတော့ လုပ်ပေးဖို့ဆိုတဲ့ အကြံတွေလည်း ပေးထားပါတယ်”ဟု ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) စောသန်းထွဋ်ကပြောသည်။

အဆိုပါ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုရေး ရံပုံငွေနှင့် ဒေသများဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရာတွင် အချို့ဒေသများတွင် လူဦးရေ မတူညီမှု သဘာဝဘေးဒဏ်ခံရမှုများ မတူညီသည့် အတွက် ပြည်ထောင်စုလွှတ်တော် အနေဖြင့် ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်ဖို့လိုကြောင်း ဦးသိန်းထွန်း သာပေါင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က သူ၏ အမြင်ကိုပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို ကျပ်သိန်းတစ်ထောင်(သန်းတစ်ရာ) ချပေးတဲ့ ကိစ္စနဲ့ ပတ်သတ်လို့ကတော့ ပြောရရင်တော့ သိပ်လိုက်လျောညီထွေရှိတယ်လို့ မထင်ဘူး။ ဘာလို့လဲဆိုတော့ လူဦးရေ အနည်းအများရှိမယ်။ သဘာဝပတ်ဝန်းကျင် ဘေးဒဏ်ခံရတဲ့ဟာတွေရှိမယ်။ ဒီအပေါ်မှာတော့ ပြည်ထောင်စုလွှတ်တော်က ပြန်လည်သုံးသပ်ပြီးတော့ ဆောင်ရွက်ဖို့လိုတယ်လို့ထင်တယ်” ဟုဆိုသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုရေး ရံပုံငွေအဖြစ် ချထားပေးသော သိန်းတစ်ထောင် နှင့် လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကိုယ်စားလှယ်များ အနေဖြင့် လုပ်ငန်းများ ပြီးစီးရင် ပြီးစီးကြောင်း၊ လုပ်ဆောင်နေသောလုပ်ငန်းများ အောက်ခြေတွင်ပြောင်းလဲသွားသော အခါတွင်လည်း အထက်ပိုင်းကို အကြောင်းကြားရန် သတိလက်လွတ်ဖြစ်ခြင်း   နှင့် ငွေစာရင်းများကိုလည်း   သေသေချာချာ သတ်သတ်မှတ်မှတ် လုပ်ဆောင်ခြင်းမျိုး မတွေ့ရ၍ သတိပေးချက်အဖြစ် သုံးသပ်ချက်များတွင် ထည့်သွင်းထားကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦး စောသန်းထွဋ် ကပြောသည်။

ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄၊ ၂၀၁၄-၂၀၁၅၊ ၂၀၁၅-၂၀၁၆ အစီရင်ခံစာအရ လုပ်ငန်းများတွင် အောင်မြင်မှု မရရှိဘဲဖြစ်ခဲ့ပြီး အဓိကအားဖြင့် လုပ်ငန်းမကျွမ်းကျင်မှုများကြောင့် ဖြစ်ရကြောင်း သာပေါင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ဆိုသည်။

“ဦးမြို့နယ်မှာ ရှိတဲ့ တစ်ချို့လုပ်ငန်းတွေဆိုရင် စာရင်းသာရှိတယ် လုံးဝပျောက်ကွယ်သွားတာရှိတယ်။ တစ်ချို့ဟာတွေဆိုရင် လုပ်ပြီး ပျက်သွားတာရှိတယ်၊ ခဏခြင်းပျက်သွားတယ်။ တချို့ဟာတွေဆိုရင် လုပ်ဆဲတန်းလန်းကြီးတွေ ဖြစ်နေတယ်။ ငွေကြေးမပြည့်စုံတာတွေ ဖြစ်နေတယ်။ အဓိကတော့ လုပ်ငန်းမကျွမ်းကျင်တာကော လုပ်ငန်း မ ကျွမ်းကျင်ပြီးတော့ လုပ်မှားကိုင်မှားတာ တပိုင်းပါတယ်။ နောက်တစ်ချက်က ဘာခေါ်မလဲဆိုလို့ရှိရင် စနစ်ကြောင့်ပဲ ဒီလိုပဲပြောရမှာပေါ့။ စနစ်ကြောင့် ဒီအပေါ်မှာ ပွင့်လင်းမြင်သာမှုမရှိတဲ့အခါကျတော့ ဒီအပေါ်မှာ တကယ်လုပ်ရတဲ့ လူတွေ အတွက် အခက်အခဲတွေ ရှိပါတယ်”ဟု ဦးသိန်းထွန်းကပြောသည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုရေး ရံပုံငွေဖြင့် အခြေခံအဆောက်အဦးဖြစ်သည့် လမ်း၊ တံတား၊ ရေအသုံးချရေး(သောက်သုံးရေ)၊ စာကြည့်တိုက်၊ ဘောလုံးကွင်း စသည့်ကဏ္ဍာများကိုသာ အဓိကထားလုပ်ဆောင်ရပြီး ယခင်က ကျန်းမာရေးနှင့် ပညာရေးအတွက် ဘက်ဂျက်ကိုအများကြီးချထားပေးသည့်အတွက် မထည့်ခိုင်းသော်လည်း ယခုတွင် အဆိုပါ ဖွံ့ဖြိုးရေး ရံပုံငွေထဲတွင် ကျန်းမာရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများပါ ထည့်သွင်းထားပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly