ရန်ကုန်မြို့ ရေစီးရေလာကောင်းဖို့ မြို့တစ်ခုလုံးကို လွှမ်းခြံုနိုင်သည့် မာစတာပလန်လိုဟု တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ပြော

ရန်ကုန်မြို့ ရေစီးရေလာကောင်းဖို့ မြို့တစ်ခုလုံးကို လွှမ်းခြံုနိုင်သည့် မာစတာပလန်လိုဟု တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ပြော

ရန်ကုန်၊ ဇွန် ၅ ။          ။ ရန်ကုန်တိုင်းမြို့မှာ ဇွန်လ၄ရက်နေ့က မြို့နယ်အတော်များများမှာ ရေကြီးရေလျံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုရေလျှံမှုဟာ နှစ်နာရီအတွင်းမှာ ၄လက်မထိ ရေကြီးခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့တော် ရေစီးရေလာကောင်းမွန်ရေးအတွက်ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တစ်ဘီလီယံသုံးဆွဲမယ်လို့ ပြောဆိုထားတာဟာ ရန်ကုန်မြို့နဲ့ ဆက်စပ်တဲ့မြို့တွင်းခြောက်မြို့နယ်အတွက်သာ လုပ်နေတာဖြစ်တယ်လို့ တာမွေမဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောဆိုလိုက်ပါတယ်။

ဒီလိုလုပ်နေတာဖြစ်တဲ့အတွက် တာမွေဘက်ခြမ်းထိပါမှာမဟုတ်ဘဲ မင်္ဂလာတောင်ညွှန့်နဲ့ ဗဟန်းစတဲ့ မြို့တွင်းနဲ့ နီးစပ်တဲ့ မြို့နယ်တွေပဲ ပါဝင်မှာ ဖြစ်ပါတယ်။

"ဝမ်းဘီလီယံလောက်ကို သုံးပြီးတော့ဆွဲနေတာပေါ့လေ အခုလည်းမကြာခင်မှာ ကျင်းပနေတဲ့လွှတ်တော်မှာ ကြားလိုက်ရတယ် ရန်ကုန်မြို့တော်ရေစီးရေလာကောင်းဖို့အတွက်ကို World Bank ကနေပြီးတော့ ငွေချေးထားတယ်။ အဲ့ဒါ ရန်ကုန်မြို့တော်အတွက် လုပ်နေတယ်ပေါ့နော်။ သို့သော် သက်ဆိုင်ရာဌာနက ဖြေတာက အဲ့ငွေကရန်ကုန်မြို့တော်တစ်မြို့လုံးအတွက်မဟုတ်ဘူး။ Down Town (မြို့တွင်း) ခြောက်မြို့နယ်နဲ့ သူနဲ့ဆက်စပ်တဲ့မြို့နယ်တွေအတွက်ပဲ ဒီငွေဟာလုပ်နေတယ်လို့ ဆိုတယ်" ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောပါတယ်။

မိုးရွာသွန်းမှု ပမာဏများပြားပါက ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်ရခြင်းမှာ ရေစုကန်များ မရှိခြင်းကလည်း အကြောင်းအရင်းတစ်ချက်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဇွန်လ ၅ရက်က မီဒီယာများကို ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ဆီမှာ ရေစုကန်နဲ့ပတ်သက်ပြီး အပွင့်လင်းဆုံးပြောရရင် ဝမ်းနည်းစရာကောင်းတာ မရှိဘူး။ ဒါကြောင့် ရေစုကန်တွေ ပြန်လုပ်ရပါလိမ့်မယ်။   နောက်ပြီးတော့   ရေစီးရေလာတွေကောင်းအောင်  ပြန်လုပ်ရပါလိမ့်မယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

တာမွေမြို့နယ်အတွင်းမှာ ဇွန်လ ၄ရက်က ရေကြီးမှုကြောင့် ထိခိုက်မှု ကြီးကြီးမားမားမရှိသေးသလို ရေကြီးမှု မဖြစ်မီ လေးလလောက်ကတည်းက တာမွေမြို့နယ်ကိုဖြတ်တဲ့ ချောင်းလေးခုကို အမှိုက်များ ဆယ်ထားတယ်လို့ တာမွေမဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ဆိုပါတယ်။

ဒီလိုရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး ရန်ကုန်တစ်ခုလုံးကို ပါဝင်နိုင်တဲ့ အစီအစဉ်တွေ ရေးဆွဲသင့်တယ်လို့ ဦးသိန်းမြင့်က ဆိုပါတယ်။

"တစ်ရပ်ကွပ်ချင်း တစ်လမ်းချင်းမဟုတ်ဘဲ ရန်ကုန်မြို့တော်ကြီးတစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ မြို့နယ်အားလုံးအတွက် မာစတာပလန်ကို ရေးဆွဲပြီးတော့မှ သေချာလုပ်မှသာလျင် ဒီသံသရာက ကင်းမယ်လို့ထင်တယ်။ နို့မို့ဆိုရင် လည်နေမှာပဲ သက်သာသွားတာသာရှိမယ် အခုဆိုရင်မသက်သာတဲ့အပြင် ပိုတောင်ဆိုးလာသေးတယ်" လို့ ဦးသိန်းမြင့်က ပြောပါတယ်။

ရန်ကုန်တိုင်းမြို့မှာ ဇွန်လ၄ရက်က ရေကြီးရေလျံမှုတွေ ဖြစ်ပွားခဲ့ရာမှာ တာမွေအိုးရှင်းစင်တာရှေ့၊ မြေနီကုန်းဒဂုံစင်တာရှေ့နားတစ်ဝိုက်၊ လှည်းတန်း၊ ကျောက်တံတားမြို့နယ် ဝန်းကျင် အပါအဝင် ရန်ကုန်မြို့တွင်းနေရာအတော်များများမှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး အချို့နေရာများမှာဆိုရင် လူကြီးတစ်ယောက်ရဲ့ ဒူးခေါင်းမြုပ်တဲ့အထိ ရှိခဲ့တာပါ။ တာမွေအိုးရှင်းရှေ့မှာလည်း ရေက ခါးတစ်ဝက်ထိရှိခဲ့ပြီး ညနေ ၅နာရီလောက်အထိ ရေကြီးနေတာကြောင့် ဘတ်စ်ကားတွေရပ်နား ထားခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly