မင်္ဂလာပါ
ဒီတစ်ပတ်တော့ လွယ်ကူမြန်ဆန်တဲ့ မှိုငပိချက် ချက်နည်းလေး ပြောပြပေးပါမယ်။ ပုံမှန်ဆို မှိုကို ကန်စွန်းရွက်နဲ့ကြော်တာတို့၊ ဟင်းရည်ချက်သောက်တာတို့ ချက်ကြလေ့ရှိပါတယ်။ အခုကတော့ မှိုကို ချဉ်ငံစပ်အရသာနဲ့ ငပိချက်လေး ချက်မှာပါ။ မှိုက နူးညံ့တာမို့ အကြာကြီးလည်း ချက်စရာမလို လို့ အလုပ်များတဲ့သူတွေ အတွက်လည်း ဟင်းတစ်မျိုးတည်းနဲ့ အဆင်ပြေစေမှာပါ။ မှိုငပိချက် ချက်ဖို့ အလွယ်တကူရနိုင်တဲ့ ကောက်ရိုးမှိုလေးတွေကို အသုံးပြုထားပါတယ်။
ဟင်းချက်ဖို့ လိုအပ်တာတွေကတော့
မှို ၂၀သား
ကြက်သွန်နီ အနည်းငယ်
ကြက်သွန်ဖြူ အနည်းငယ်
ငရုတ်သီးစိမ်း အနည်းငယ်
မျှင်ငပိ ၂ကျပ်သား
ကိုင်းခရမ်းချဉ်သီး ၃ လုံးခန့်
လယ်ကန်စွန်းရွက် အနည်းငယ် တို့ပါ။
အခု စချက်ဖို့ ပြင်ဆင်ပါမယ်။ မှိုကို ရေဆေးသန့်စင်ပြီး ဟင်းအိုးထဲ ထည့်ထားပါ။ ကြက်သွန် ဖြူ နီ ငရုတ်သီးစိမ်းလေးတွေကို လေးစိတ်ကွဲထောင်းပါ။ ခရမ်းချဉ်သီးကိုပါ ရောထောင်းပါ။ ပြီးရင်တော့ မှို ပေါ်မှ သမအောင်ထည့်ပါ။ ဆီကို လဖက်စားဇွန်းနဲ့ တစ်ဇွန်းစာထည့်ပါ။ ဆားဆနွင်း ငပိထည့်ပါ။ သတိပြုရမှ မှိုက သူ့ အရည်နဲ့ သူမို့ ရေကို ရေနွေးကြမ်းခွက် တစ်ခွက်စာလောက်သာ ထည့်ပါ။ ရေအများကြီး ထည့်စရာ မလိုပါဘူး။ ပြီးရင်တော့ မီးအေးအေးနဲ့ အဖုံးအုပ်တည်ပါ။
ရေအနည်းငယ်ခမ်းလာပြီဆိုရင် ခရမ်းချဉ်သီးကို ကြေအောင်မွှေပေးပါ။ အရသာ အပေါ့အငန် မြည်းပါ။ မှိုက အကြာကြီးချက်စရာမလိုအောင် နူးညံ့တာမို့ ၇ မိနစ်လောက် ချက်ရင်လုံလောက်ပါပြီ။ အရမ်း အကြာကြီးချက်ရင် အချိုအရသာကို ပျက်စီးစေပါတယ်။
ရေခမ်းပြီး ဆီလည်ရေလည်လေး ဖြစ်လာပြီဆိုရင်တော့ ကန်စွန်းရွက်လေး အုပ်ပြီး မွှေပေးပါ။ ကန်စွန်းရွက် နွမ်းပြီဆိုရင်တော့ ဟင်းအိုးချလို့ ရပါပြီ။
အရမ်းကို လွယ်ကူတဲ့ ဟင်းပေမယ့် အရသာကလည်း တကယ်ကို ထမင်းမြိန်စေမှာပါ။ ကောက်ရိုးမှိုရဲ့ အချိုအရသာ၊ ခရမ်းချဉ်သီး ရဲ့ အချဉ်ဓာတ်နဲ့ ငပိစိမ်းစားလေးပါ ရောလိုက်တော့ အနံ့ နဲ့တင် သွားရည်ယိုစေမှာပါ။
ဒီ အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။