Aurora ဆုပေးပွဲအခမ်းအနားသို့ မတက်ရောက်ဖြစ်သည့် အကြောင်းရင်းကို ဂျော့ကလူးနီးရှင်းလင်း

Aurora ဆုပေးပွဲအခမ်းအနားသို့ မတက်ရောက်ဖြစ်သည့် အကြောင်းရင်းကို ဂျော့ကလူးနီးရှင်းလင်း

အသက် ၅၆နှစ်အရွယ်ရှိ အမေရိကန်မင်းသားကြီး ဂျော့ကလူးနီးသည် ပြီးခဲ့သော တနင်္ဂနွေနေ့က အာမေးနီး ယားနိုင်ငံ ယီရီဗန်မြို့၌ ကျင်းပသော လူသားချင်းစာနာမှုဆိုင်ရာ Aurora ဆုပေးပွဲအခမ်းအနားသို့ မတက်ရောက်ဖြစ်သည့် အကြောင်းရင်းကို ဗီဒီယိုသတင်းစကားတစ်ခုဖြင့် ပြန်လည်ရှင်းလင်းခဲ့သည်။

“ကျွန်တော် ယီရီဗန်ကိုလာချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ဇနီးက အမြွှာကလေးနှစ်ဦး ကိုယ်ဝန်ကိုလွယ်ထားရပြီး မကြာခင်ရက်ပိုင်းအတွင်း မီးဖွားတော့မှာဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော် အဲ့ဒီကို လာနေတုန်းမှာ သူမီးဖွားဖြစ် ခဲ့ရင် ကျွန်တော့်ကိုအိမ်ပေါ်ပြန်တက်ခွင့် ပေးမှာမဟုတ်တော့ပါဘူး” ဟု ဂျော့ကလူးနီးက ကျီစယ်လျက် ရှင်းလင်းခဲ့ သည်။

အသက် ၃၉ နှစ်အရွယ်ရှိ သူ၏ ဇနီးသည် အေမယ်လ်သည် လာမည့်ဂျွန်လအစောပိုင်းတွင် မီးဖွားတော့မည် ဖြစ်သည်။

ကလူးနီးသည် ပြီးခဲ့သောနှစ်က Aurora ဆုရွေးချယ်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး အာမေးနီး ယန်း မျိုးတုန်းသတ်ဖြတ်မှုအတွင်း အသက်ရှန်ကျန်ရစ်ခဲ့သူများကို ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့ဖူးသည်။

ဂျော့ကလူးနီးနှင့် နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်သော ဇနီးသည်အေမယ်လ်တို့သည် အမြွှာ ရင်သွေးလေး၂ဦးကို မကြာခင်ရရှိတော့မည်ဖြစ်သည်။ သူတို့နှစ်ဦး၏ ရင်းနှီးသော မိတ်ဆွေများက သူတို့စုံတွဲ သည် အမြွှာရင်သွေးလေးများနှင့် ပက်သက်၍ အထူးပျော်ရွှင်နေကြကြောင်း ပြောခဲ့ကြသည်။

Ref: People

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly