မုဒိမ်းမှုကို ဟာသလုပ်ပြော၍ သမ္မတဒူတာတေး ဝေဖန်မှုများ ရင်ဆိုင်နေရ

မုဒိမ်းမှုကို ဟာသလုပ်ပြော၍ သမ္မတဒူတာတေး ဝေဖန်မှုများ ရင်ဆိုင်နေရ

မနီလာ၊ မေ ၂၇ ။               ။ နိုင်ငံတောင်ပိုင်းတွင် စစ်အုပ်ချုပ်ရေးထုတ်ထားရသည့်အထိ အခြေအနေမတည်ငြိမ်ဖြစ်နေသည့် ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတဖြစ်သူ ဒူတာတေးက မုဒိမ်းရာဇဝတ်ပြစ်မှုနှင့် ပတ်သက်ပြီး နောက်တစ်ကြိမ်ပျက်ရယ်ပြု ဟာသလုပ်ပြောကြောင်း ဌာနေသတင်းများက မေ ၂၇ ရက်တွင် ဖော်ပြသည်။

"မုဒိမ်းကျင့်တာ သုံးကြိမ်အထိ ကျူးလွန်တယ်ဆိုရင်တော့ ကျုပ်တော့ အဲဒီလူကို လွှတ်ထားရတော့မှာပဲ။"ဟု ပုန်ကန်ထကြွသည့် အစ္စလာမ်မစ်အုပ်စုများနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်နေရာ စစ်အုပ်ချုပ်ရေးထုတ်ထားရသည့် မင်ဒါနာအိုသို့ ဖြန့်ကြက်စေလွှတ်မည့် စစ်သားများအား ရည်ရွယ်ကာ သတင်းစာရှင်းလင်းပွဲတွင် ဒူတာတေးက ပြောလိုက်ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ရာဒေသတွင် အလွဲသုံးစား မဖွယ်မရာမှုများ မကျူးလွန်ကြရန် ဒူတာတေးက သတိပေးပြောကြားရင်း ယခုကဲ့သို့ ဟာသဖောက်ပြောဆိုခြင်းလည်း ဖြစ်သည်။

ဒူတာတေးအနေဖြင့် မုဒိမ်းကျင့် သားမယားပြုကျင့်ခြင်းနှင့်ပတ်သက်ပြီး ဟာသလုပ်ပြောဆိုခြင်းသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပေ။ ၎င်းအနိုင်ရခဲ့သော ရွေးကောက်ပွဲမဲဆွယ်ကာလ ၂၀၁၆ ဧပြီလအတွင်းကလည်း မုဒိမ်းမှုနှင့်ပတ်သက်ပြီး ဟာသလုပ် ပြောဆိုဖူးသည်။

၎င်းဒါဗာအိုမြို့တော်ဝန်ဘဝကရှိစဉ် ၁၉၈၉ ခုနှစ်က ဒါဗာအိုရှိ အကျဉ်းထောင်တစ်ခုက အဓိကရုဏ်းအတွင်း အုပ်စုဖွဲ့မုဒိမ်းကျင့်ကာ အသတ်ခံရသည့် သြစတြေးလျသာသနာပြုအဖွဲ့မှ ဝန်ထမ်း ဟာမေးအကြောင်းကို ပြောဆိုရာတွင်လည်း ဟာသလုပ်ခဲ့ဖူးသည်။

ထိုငယ်ငယ်ရွယ်ရွယ်အမျိုးသမီးထံ ပထမဆုံး မသွားလာနိုင်ခဲ့သည်ကို ဝမ်းနည်းစရာအဖြစ်မျိုးအနေနှင့် ဒူတာတေးက ပြောခဲ့ခြင်းဖြစ်သည်။

"သူ သားမယားပြုကျင့်ခံရလို့ ကျုပ် ရူးရတယ်။ ဒါပေမယ့် သူက တော်တော်လေးလှတယ်။ ကျုပ် တွေးလိုက်မိတယ်။ သူဆီ သွားလာတာဟာ မြို့တော်ဝန်ကပဲ ပထမဆုံးဖြစ်သင့်တယ်လို့ပါ။"ဟု သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲယှဉ်ပြိုင်နေချိန်၌ ဒူတာတေးက ပြောခဲ့ခြင်းဖြစ်သည်။ ထိုအပြောအဆိုကြောင့် နောက်ပိုင်းတွင် ၎င်းက ပြန်လည်တောင်းပန်ခဲ့ရသည်။

"ကျုပ် ပြောခဲ့မိတဲ့စကားအတွက် ဖိလစ်ပိုင်ပြည်သူတွေကို တောင်းပန်ပါတယ်။ ဒီလိုပြောခဲ့တာမှာလည်း ကျုပ်တို့ရဲ့ အမျိုးသမီးထုကို မလေးမစား လုပ်တာ မဟုတ်ပါ။ ဆိုးသွမ်းတဲ့ ရာဇဝတ်မှုရဲ့သားကောင်ဖြစ်ခဲ့ရရှာသူ အမျိုးသမီးကိုလည်း မထီမဲ့မြင် လုပ်တာမဟုတ်ပါ။ ကျုပ် ပါးစပ်က တစ်ခါတစ်ခါ မထိန်းမသိမ်းပဲ တော်တော်ဆိုးပါတယ်။"ဟု ဒူတာတေးက ထုတ်ပြန်တောင်းပန်ခဲ့ရသည်။

ဒူတာတေးသည် သမ္မတဖြစ်ချိန်တွင်လည်း ယခင်အမေရိကန်သမ္မတ ဘားရတ်အိုဘားမားအား မိန်းမပျက်သားဟု ခေါ်ဆိုလိုက်ခြင်းကြောင့် ဆက်ဆံရေးတင်းမာခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly