မေ ၂၁ ။ ။ အမေရိကန်တို့သည် ဆော်ဒီအာရေဗျနိုင်ငံနှင့် ဒေါ်လာ ၁၁၀ ဘီလျံတန်ဖိုးရှိ လက်နက်ရောင်းဝယ်ရေး သဘော တူညီချက်တွင် လက်မှတ်ရေးထိုးရန် သဘောတူညီမှုရရှိခဲ့ကြောင်း အိမ်ဖြူတော်မှ အရာရှိများက စနေနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါသဘောတူညီချက်သည် အမေရိကန်တို့၏ မဟာမိတ်နိုင်ငံဖြစ်သော ဆော်ဒီအာရေဗျသို့ သမ္မတဒေါ်နယ် ထရမ့် သွားရောက်လည်ပတ်သည့် ပထမနေ့ရက်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
“ကာကွယ်ရေးလက်နက်ကရိယာတွေဟာ ဆော်ဒီအာရေဗျရဲ့ ရေရှည်လုံခြုံရေးနဲ့ အီရန်တို့ရဲ့ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ ပင်လယ်ကွေ့ဒေသအတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်” ဟု အာဏာပိုင်များက ပြောခဲ့သည်။
ဒါ့အပြင် အဆိုပါသဘောတူညီချက်သည် ဒေသတစ်ဝှမ်း၌ အကြမ်းဖက်ဝါဒကို တန်ပြန်တိုက်ခိုက်နေသော ဆော်ဒီတို့၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်သောကြောင့် စစ်ဆင်ရေးများကို ဦးစီးဆောင်ရွက်နေသော အမေရိကန်စစ်တပ်အတွက်လည်း ဝန်လျော့သွားစေကြောင်း အာဏာပိုင်များက ထပ်လောင်းပြောကြားခဲ့သည်။
သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ထရမ့်နှင့် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်တို့ တက်ရောက်မည်ဖြစ်သည်။
ရက်စ်တိုင်လာဆန်က ဒေါ်လာ ၁၁၀ ဘီလျံတန်ဖိုးရှိသော လက်နက်ရောင်းဝယ်ရေး သဘောတူညီချက်သည် အီရန်တို့၏ ဆိုးဝါးလှသော သြဇာကြီးမားလာမှုနှင့် နယ်စပ်တစ်လျှောက်ရှိ ခြိမ်းခြောက်မှုများကို ဆော်ဒီအာရေဗျတို့ တွန်းလှန်နိုင်ရန်အတွက် အကူအညီပေးခြင်း ဖြစ်ကြောင်း သတင်းထောက်များအား ရီယက်ဒ်မြို့တွင် ပြောခဲ့သည်။
ယီမင်နိုင်ငံရှိ သူပုန်များအား လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားစစ်ဆင်ရေးများ ပြုလုပ်နေသည့် ညွှန့်ပေါင်းအဖွဲ့ကို ၂ နှစ်ကျော်ကြာ ဦးဆောင်နေသော ဆော်ဒီအာရေဗျနိုင်ငံအတွက် အမေရိကန်တို့၏ ကာကွယ်ရေး ကန်ထရိုက်တာများသည် အဓိက လက်နက်ထောက်ပံ့ပေးနေသူများ ဖြစ်ကြသည်။