မေ ၁၅ ။ ။ ပြီးခဲ့သည့်သီတင်းပတ်ကုန်က အမျိုးအစားသစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်နိုင်ခဲ့မှုအပေါ် မြောက်ကိုရီးယားတို့ အောင်ပွဲခံခဲ့ကြပါတယ်။ ယင်းဒုံးကျည်သစ်ကတော့ တာဝေးပစ် ဒုံးကျည်တစ်စင်း ဖြစ်ဖွယ်ရှိကြောင်းလည်း သိရပါတယ်။
အဆိုပါ ဒုံးကျည်အမျိုးအစားသစ်ကတော့ နျူကလီးယား ထိပ်ဖူးတပ်ဆင်သယ်ဆောင်နိုင်စွမ်း ရှိကြောင်း ပြုံယမ်းအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
တနင်္ဂနွေက လုပ်ဆောင်ခဲ့တဲ့ ယင်းဒုံးကျည်စမ်းသပ်မှုကိုတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ပါတယ်။
KCNA သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရတော့ အဆိုပါ ဒုံးကျည်ဟာ ကီလိုမီတာ ၂,၁၁၁ ဒသမ ၅ အမြင့်ထိ ရောက်ရှိခဲ့ပြီး အကွာအဝေး ကီလိုမီတာ ၇၈၇ ထိ ပျံသန်းခဲ့ကာ ဂျပန်ပင်လယ်ထဲ ကျသွားခဲ့ကြောင်း သိရပါတယ်။