ပြည်၊ မေ ၁၂ ။ ။ ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူ ဖြစ်သည့် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ရှိ ရွှေဆံတော်တွင် ဂေါပကအဖွဲ့ဝင်များကို မေလ ၃၀ ရက်နေ့တွင် မဲပေးစနစ်ဖြင့် ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး သာသနာရေးမှူးရုံးခွဲ မှ ဒုညွန်ကြားရေးမှူး ဦးစိန်လင်းက ပြောသည်။
“အားလုံးကို မဲပေးစနစ်နဲ့ မျှမျှတတ ရွေးချယ်သွားမှာပါ” ဟု တိုင်းသာသနာရေး ဒုတိယ ညွန်ကြားရေးမှူး ဦးစိန်လင်းက ပြောသည်။
အစိုးရအဖွဲ့ဝင် ၃ ဦး ၊ ဂေါပက လူဟောင်းများမှ ၄ ဦး ၊ အရပ်ဘက်မှ ၈ ဦး စုစုပေါင်း ၁၅ ဦးကိုရွေးချယ်ကာ ပြည်ရွှေဆံတော်ဘုရားဂေါပက အဖွဲ့ကို ပြန်လည် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ရွေးချယ်ပွဲဖြစ်မြောက်ရေး ကော်မတီကိုလည်း ဖွဲ့စည်းထားသည်။
ဘုရားဂေါပကရွေးချယ်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်မြို့ပေါ် ရက်ကွက် ၁၀ ခု ၊ မြို့သစ်ဈေး ၊ မြို့မဈေး ၊ ကိုးသောင်းဈေး ၊ ဘုရားကြီးရင်ပြင် ၊ ဓါတ်လှေကား နေရာတို့တွင် ကြော်ငြာသင်ပုန်းများထားရှိ အသိပေးပြီး ဂေါပက လျောက်ထားလွှာများ မဲပေးရန် လျောက်ထားလွှာများ ခေါ်ယူခဲ့သည်။