ရေစကြို၊ မေ ၄ ။ ။ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ဗလဗကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုမှုများ ဖြစ်ပွားနေပြီး နေအိမ်အချို့စတင်ရွှေ့ပြောင်းနေရသည်ဟု သိရပြီး ကမ်ပါးပြိုမှုသည် လွန်ခဲ့သည့်နှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
"မနှစ်က ရေနောက်မြီးဆွဲမှာ ၃အိမ်ရွှေ့ခဲ့ရပြီးတော့ အခုနှစ် ရေဦးပေါက်တဲ့အခါကျတော့ ယနေ့အထိ ၂၄ အိမ် ရွှေ့ထားရတယ်။ ကမ်းက တဖြည်းဖြည်း ပြိုနေတာဆိုတော့ နက်ဖြန်ဘယ်နှစ်အိမ်ဆက်ပြီး ဖျက်ရမယ်ဆိုတာ မသိသေးဘူး ။ လောလောဆယ် အိမ် ၂၄လုံး ကတော့ ဖျက်ထားရတယ်"ဟု ဗလဗကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြဆောင် ကဆိုသည်။
ယခုကဲ့သို့ ရွေ့ပြောင်းရသည့် နေအိမ်အချို့အနေဖြင့် နေအိမ်များ ပြန်လည်တည်ဆောက်ရန်အတွက် မြေနေရာ အခက်အခဲများရှိနေသည်ဟု ဒေသခံ တစ်ဦးက မဇ္စျိမသို့ပြောသည်။
"မြေစျေးအနေနဲ့က အရင်တုန်းက တောမြေစျေး အကောင်းဆုံးမြေ ဆိုရင်တောင် ၂၅သိန်း၊ သိန်း ၃၀ ဝန်းကျင်ပဲ ရှိတယ်။ ခုကျတော့ ဝိုင်းအခက်အခဲရှိနေတော့ ဆောက်ဖို့သင့် မြေနေရာတွေက ခုဘယ်လောက်ထိတောင်းနေတုန်းဆိုတော့ သိန်း ၈၀ ၊ သိန်း ၁၀၀ အထိ တောင်းနေကြတယ်။အဲ့ဒါကြောင့်ဝိုင်း အခက်အခဲဖြစ်နေပြီး ဖျက်သာဖျက်ရတယ် ။ တစ်ဦးမှ မဆောက်နိုင်ဘဲ ဖြစ်နေတယ်"ဟု ဗလဗကျေးရွာ ဒေသခံ ဦးမင်းဆွေက ပြောသည်။
ရွှေ့ပြောင်းရသည့် နေအိမ်များအတွက် ကျေးရွာရှိ သင့်တော်ရာ မြေကွက်လပ်တွင် ပြန်လည်တည်ဆောက်နိုင်ရေး ဒေသဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သင့်တော်သည့်စျေးဖြင့် ညှိနှိုင်းပေးစေလိုသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိ ကမ်းပါးပြိုမှုကြောင့် ရွှေ့ပြောင်းနေရသည့် နေအိမ်များအနေဖြင့် ဖျက်ထားရသည့် နေအိမ်များအား မြစ်ကမ်း နှင့် ဝေးရာရှိ ဆွေမျိုးများနှင့် အသိမိတ်ဆွေများ၏ နေအိမ်များတွင်ခေတ္တပုံထားရသည်ဟု သိရသည်