ဇူလိုင် ၃၁၊ လန်ဒန် ။ ။ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဆယ်နှစ်အတွင်း အပြောင်းအရွှေ့ဈေးကွက်၌ အမြတ်အစွန်းပေါ်ပြီး ရာသီကုန်တွင် ဗိုလ်စွဲသည့်အသင်းမှာ ချယ်လ် ဆီးတစ်သင်းသာ ရှိသည်။
ထို့ပြင် ချယ်လ်ဆီးအသင်းသည် ယင်း ၁၀ နှစ်အတွင်း ချန်ပီယံသုံးကြိမ်ဖြစ်ခဲ့ရာတွင် အခြားသောနှစ်များတွင် ချန်ပီယံဖြစ်သည့် အသင်းများ လောက် ငွေကြေးသုံးစွဲခဲ့ခြင်းမရှိသည်ကိုလည်း တွေ့ရသည်။
ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းသည် ကစားသမားခေါ်ယူမှုအတွက် ယူရို ၁၃၇ ဒသမ ၇ သန်း သုံးစွဲခဲ့သော် လည်း ကစားသမားပြန်လည်ရောင်းချရာမှ ယူရို ၁၄၆ ဒသမ ၂ သန်းပြန်လည်ရရှိခဲ့သောကြောင့် အပြောင်းအရွှေ့ဈေးကွက်အတွင်း ယူရို ၈ ဒသမ ၅ သန်းမြတ်စွန်းခဲ့သည်။ ရာသီကုန်တွင်လည်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့သည်။
ချယ်လ်ဆီးနည်းပြမော်ရင်ဟိုသည် ပြိုင်ဘက်များအနေဖြင့် ဆုဖလားကိုငွေဖြင့် ဝယ်ယူနေသည်ဟု ပြောဆိုခဲ့သည့် မှတ်ချက်ကြောင့် ဂယက် ရိုက်ခဲ့ပြီးstatscreamer.com က မော်ရင်ဟို၏ မှတ်ချက် စကားနှင့် ပတ်သက်ပြီး အချက်အလက်များဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။
သို့သော် ယင်းအချက်အလက်များမှာ ကစားသမား ဝယ်၊ ရောင်း ကိုအခြေခံကာ ဖော်ပြထားခြင်းဖြစ်ပြီး ကစားသမားအဝယ်တစ်မျိုးတည်းသာ ကြည့်မည်ဆိုပါက ချယ်လ်ဆီးအသင်းသည် ယမန်နှစ်က ယူရို ၁၃၇ ဒသမ ၇ သန်းသုံးစွဲခဲ့သည်ကို တွေ့ရသည်။ ယင်းပမာဏမှာ အခြားသော ချန်ပီယံဖြစ်ဖူးသည့် အသင်းများအနက် အများဆုံးဖြစ်သည်။
ချယ်လ်ဆီးအသင်းအနေဖြင့် ငွေသုံးသလောက် ငွေပြန်ရှာဖွေမှုတွင်လည်း ထူးချွန်ပြီး ဈေးမြင့်သည့်ကစားသမားများကို ဈေးကွက်အတွင် မည်သို့ပြန်လည်ရောင်းချရမည်ဟု သိရှိကြောင်း statscreamer.com ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
ပရီးမီးယားလိဂ်ချန်ပီယံများ၏ အပြောင်းအရွှေ့ဈေးကွက်အတွင်း အသားတင်ငွေကြေးသုံးစွဲမှုအခြေပြဇယား
(အသားတင်ငွေကြေးသုံးစွဲမှုအများဆုံးအသင်းများကို ထိပ်ဆုံးမှအစဉ်လိုက်စီထားပါသည်။)
ဘောလုံးရာသီ ချန်ပီယံ ထွက်ငွေ(ယူရို) ဝင်ငွေ(ယူရို) အသားတင်သုံးစွဲမှု(ယူရို)
၂၀၁၃-၁၄ မန်စီးတီး ၁၁၆.ဝ ၁၁.၇ ၁၀၄.၃
၂၀၁၁-၁၂ မန်စီးတီး ၉၆.၁ ၂၉.၇ ၆၆.၄
၂၀၁၂-၁၃ မန်ယူ ၇၆.၅ ၁၅.၁ ၆၁.၄
၂၀၀၇-၀၈ မန်ယူ ၁၀၃.၅ ၄၃.၉ ၅၉.၆
၂၀၀၅-၀၆ ချယ်လ်ဆီး ၉၁.၇ ၃၄.ဝ ၅၇.၇
၂၀၀၈-၀၉ မန်ယူ ၄၅.၃ ၇.၅ ၃၇.၈
၂၀၀၉-၁၀ ချယ်လ်ဆီး ၃၀.ဝ ၃.၉ ၂၆.၁
၂၀၁၀-၁၁ မန်ယူ ၂၉.၃ ၁၈.၄ ၁၀.၉
၂၀၀၆-၀၇ မန်ယူ ၂၇.၂ ၂၃.ဝ ၄.၂
၂၀၁၄-၁၅ ချယ်လ်ဆီး ၁၃၇.၇ ၁၄၆.၂ -၈.၅